တီးတိန်ကိုသိမ်းဖို့ ချင်းတပ်ပေါင်းစုနှစ်ခု အပြိုင်ပြင်ဆင်

Author ဆလိုင်း
Categories
Published on Jan 10, 2025

တိုက်ပွဲမဖြစ်သေးတဲ့ ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့ကို အခုရက်ပိုင်းအတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲကြဖို့ ချင်းတပ်ပေါင်းစုနှစ်ခုဖြစ်တဲ့ ချင်းညီနောင်(CB)နဲ့ ချင်းလဲန်းကောင်စီ(CC)တို့က အပြိုင်ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“အခု တီးတိန်မြို့ကို ဘယ်အဖွဲ့က တိုက်မလဲဆိုတာ မသိရသေးဘူး။ နှစ်ဖွဲ့စလုံးက တိုက်ဖို့ စစ်ရေးပြင်ဆင်နေကြတာ မြင်နေရတယ်” လို့ အသက် ၄၀ နှစ်အရွယ် တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

PDF-Zoland အနေနဲ့ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေဆဲဖြစ်ပြီး နီးကပ်လာရင် ပြည်သူတွေကို ကြိုတင်အသိပေးသွားမယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

“ကျွန်တော်တို့ လောလောဆယ် တီးတိန်မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်ရသေးပါဘူး။ ပြင်ဆင်နေဆဲ ကာလဖြစ်တယ်။ တစ်ဖက်မှာ CC ကနေပြီးတော့ လက်ဦးမှုရယူပြီး မြို့သိမ်းတိုက်ပွဲအတွက် စစ်ရေးလှုပ်ရှားနေပါတယ်” လို့ PDF-Zoland တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

CC ရဲ့ ချင်းအမျိုးသားတပ်မတော်(CNA)ပြောခွင့်ရသူ ဆလိုင်းထက်နီကို တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် စစ်ရေးပြင်ဆင်နေမှုရှိမရှိဆိုတာနဲ့ပတ်သက်ပြီး CJ Platform က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဲဒီအကြောင်း မသိရသေးဘူးလို့ ပြန်ဖြေပါတယ်။

 

ဒါပေမဲ့ အဲဒီမြို့ခံတွေကတော့ မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာမှာ စိုးရိမ်နေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကတည်းက ပစ္စည်းတွေကြိုတင်ပြောင်းရွှေ့နေကြပြီး အများစုပြောင်းရွှေ့ပြီးသွားပြီလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်(တီးတိန်)က တီးတိန်မြို့ခံတွေကို အရေးကြီးတန်ဖိုးရှိပစ္စည်းတွေကို တစ်ပတ်အတွင်း အမြန်ဆုံးဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ နုတ်နဲ့ညွှန်ကြားထားပါတယ်။

 

“အရင်ဆုံး ပစ္စည်းတွေ ပြောင်းရွှေ့ကြဖို့ ပြောပါတယ်။ လူတွေကတော့ တိမ်းရှောင်ဖို့ မပြောသေးပါဘူး။ တိုက်ပွဲဖြစ်လာတဲ့ခါ သတိပေးသွားမယ်လို့ ပြောပါတယ်” လို့ အသက် ၃၀ နှစ်အရွယ် တီးတိန်မြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါပေမဲ့ တီးတိန် မြို့သိမ်းတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတဲ့ ခန့်မှန်းခြေ ဒေသခံ ၄၀၀ ထက်မနည်းဟာ မြို့ကို စွန့်ခွာပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲ တိမ်းရှောင်နေကြပြီလို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

အခုလို တီးတိန်မြို့သိမ်းတိုက်ပွဲ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ CB နဲ့ CC တို့ကြား ပဋိပက္ခတွေဖြစ်လာမှာကို ချင်းပြည်သူတွေက စိုးရိမ်နေကြတယ်လို့ အသက် ၅၀ နှစ်အရွယ် ချင်းနိုင်ငံရေးလေ့လာသူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တီးတိန်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ရှိတယ်။ နှစ်ဖွဲ့က CC အဖွဲ့ဝင်ဖြစ်ပြီးတော့ နောက်တစ်ဖွဲ့က CB အဖွဲ့ဝင်ပေါ့။ အဲဒီတော့ တီးတိန်ဟာ သူနယ်မြေ၊ ကိုယ့်နယ်မြေဆိုပြီး မပြောကြဘဲနဲ့ ညီညီညွတ်ညွတ်ဆွေးနွေးပြီး တိုက်စေချင်တယ်။ အထူးသဖြင့် ကျွန်တော်တို့က မတူပီမြို့သိမ်းတိုက်ပွဲလိုဖြစ်မှာကို အရမ်းစိုးရိမ်တယ်။ ပြည်သူတွေကလည်း အချင်းချင်းကြား မလိုအပ်ဘဲ ပစ်ခတ်မှုဖြစ်မှာစိုးရိမ်နေကြသလို မလိုလားကြဘူး” လို့ သူက ပြောပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း)၊ ပြည်သူ့ကာကွယ်ရေးတပ်(တီးတိန်)၊ CDF Civic Defense Militia -CDM -Siyin စတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့သုံးခုက တီးတိန်မြို့နယ်ကို အခြေပြုဖွဲ့စည်းထားပါတယ်။

 

PDF-Zoland ဟာ CB အဖွဲ့ဝင်ဖြစ်ပြီး PDA (တီးတိန်)နဲ့ CDF CDM Siyin တို့ဟာ CC အဖွဲ့ဝင်တွေဖြစ်ပါတယ်။

 

တီးတိန်မြို့နယ်က ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ချင်းလန်းကောင်စီ(CC) တပ်ဖွဲ့ဝင်တွေ နောက်ဆုတ်ပေးဖို့ မတူပီမြို့နယ်က မျိုးနွယ်စုတွေဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာမတူအဖွဲ့အစည်း (GMO) က ဇန်နဝါရီလ ၇ ရက်နေ့က တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် တီးတိန်မြို့မှာ CNF နဲ့ CC တို့ တိုက်ပွဲဖော်ဆောင်မှာ အလိုမရှိကြောင်း တီးတိန်မြို့နယ် ဒေသခံတချို့က ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

 

တီးတိန်မြို့နယ်နဲ့တစ်ဆက်တည်းရှိတဲ့ တွန်းဇံမြို့နယ်နဲ့ ကျီးခါးမြို့တို့ကို CC တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလမှာ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

 

လက်ရှိမှာ CB အဖွဲ့ဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသလို CC အဖွဲ့ကလည်း ထန်တလန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

 

ချင်းပြည်က မကွီးအိမ်နူး၊ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို CB တို့က သိမ်းပိုက်ရရှိပြီး ရိဒ်ခေါဒါရ်၊ ဆူရ်ခွာ၊ ဝေဘူလ၊ လိုင်လင်းပီ၊ ရေဇွာ၊ နှာရိန်း၊ တွန်းဇံ၊ ကျီးခါး၊ စတဲ့မြို့တို့ကို CC က သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ – CB/CNF