စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ၂ ဦးသေဆုံး

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ဝင်းရေးမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့အပြင် ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ခွန်နဝါ (မောထီး) ကျေးရွာနဲ့ ပန်းအောင် (တိုခေါဖူး) ကျေးရွာတို့ကို တစ်နေ့ထဲမှာပဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သာသနာပိုင် အဆောက်အအုံနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ပန်းအောင်ကျေးရွာမှာတော့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စေတီတော်သန့်ရှင်းရေးပြုလုပ်နေတဲ့ ကျောင်းထိုင်ဆရာတော်အပါအဝင် ဥူးဇင်းတစ်ပါးနဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒေသခံ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ခွန်နဝါ (မောထီး) ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ဘာသာရေးအဆောက်အအုံတွေ ဆေးရုံဆေးခန်းတွေ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာတွေရှိပြီး အဲဒီလို စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူတွေ သေဆုံးထိခိုက် ပျက်စီးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – KNU