၂၀၂၄ သည် လူထုတောင့်တနေသည့် မျှော်လင့်ချက်အလုံးစုံအကောင်အထည်ဖော်ရန် အကောင်းဆုံးအချိန်ဟု ညီနောင်သုံးဖွဲ့ဆို
၂၀၂၃ ခုနှစ်ကုန်သွားသည့်တိုင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို နှစ်သစ်သို့ ဆက်လက်သယ်ဆောင်ခြင်းနှင့်အတူ လာမည့် ၂၀၂၄ ခုနှစ်သည် မြန်မာပြည်သူလူထုတစ်ရပ်လုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေသည့် မျှော်လင့်ချက်အိပ်မက်များကို အလုံးစုံအကောင်အထည်ဖော်နိုင်ရန် အကောင်းဆုံးအချိန်ကာလဖြစ်ကြောင်း ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီ ၅၀ အချိန်ထုတ်ပြန်ချက်အတွင်း ရေးသားဖော်ပြထားသည်။
နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်ကို မင်္ဂလာရှိရှိဖြင့် ကျော်ဖြတ်ရသည့် နိုင်ငံများတွင် မြန်မာနိုင်ငံမပါဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြမြင့်ခဲ့ပြီဖြစ်သကဲ့သို့ ခရစ်စမတ်နှင့် နှစ်သစ်ကူးအကြိုကာလ ညများတွင် တိုက်ပွဲမရှိသော နှစ်ဟူ၍ မရှိခဲ့ကြောင်း ညီနောင်အဖွဲ့က ဆိုထားသည်။
နှစ်မကူးမီကာလတွင် နှစ်သစ်ကူးလက်ဆောင်အဖြစ် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ကူတိုက်ခိုက်မှုများကြားမှ စစ်ကောင်စီ ဗျူဟာမှူး အခြေချကွပ်ကွဲနေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းငေါ့မြို့ရှိ ဗျူဟာကုန်းကြီးအပါအဝင် စခန်းငယ်များ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို တအာင်းတပ်မတော်(TNLA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။ ထိုမြို့သည် ညီနောင်သုံးဖွဲ့အတွက် ဆဋ္ဌမမြောက်သိမ်းပိုက်နိုင်သည့် မြို့တစ်ခုဖြစ်သည်။
၂၀၂၃ ခုနှစ်အကုန် ၂၀၂၄ စတင်ပြီဖြစ်သော်လည်း စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီသည် ယခင်နှစ်များနည်းတူ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် အရပ်ဘက်ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေသဖြင့် ပြည်သူလူထု ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများသည်လည်း ယခင်နှစ်များကကဲ့သို့ ရင်ဆိုင်ဖြတ်သန်းရမည်ဟု ဆိုထားသည်။
နှစ်သစ်တွင် စစ်အာဏာရှင်ဒဏ်သင့် မြန်မာပြည်သူလူထုများအနေဖြင့် အနည်းဆုံးသော ဆင်းရဲဒုက္ခ၊ စစ်ဘေးများကိုသာ ရစေကြပြီး သန်းချီသော စစ်ဘေးရှောင်ပြည်သူလူထုများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကို မိမိတို့အား စာနာနားလည်သောနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ယခုထက် ပိုမိုရရှိပါစေဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က နှစ်သစ်ဆုမွန်ကောင်းအဖြစ် ဇန်နဝါရီ ၁ ရက် ညနက်ပိုင်း ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြခဲ့သည်။