၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း (၆၅)ခု၊ တပ်သားစွန့်ခွာစခန်း ၁၆ ခုနှင့် မြို့ ၆ ခုအထိ ကရင်နီတပ်ပေါင်းစုသိမ်းပိုက်

Author လင်းနွေဦး
Categories
Published on Mar 23, 2024

ကရင်နီ(ကယား)ပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေး ရည်ရွယ်ဖော်ဆောင်ခဲ့သော ၁၁၁၁(တစ်လေးလုံး) စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် စစ်ကောင်စီ တပ်စခန်းပေါင်း ၆၅ ခု၊ စစ်ကောင်စီတပ်သားစွန့်ခွာသည့် စခန်း ၁၆ ခုနှင့် မြို့ ခြောက်ခုအထိ သိမ်းပိုက်ထားနိုင်ကြောင်း ယင်းတပ်ပေါင်းစုက ယနေ့ မတ် ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

 

တစ်လေးလုံးစစ်ဆင်ရေးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်(KNDF)နှင့် ပူးပေါင်းမဟာမိတ်တပ်များအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင်စတင်ခဲ့သော မိုခါမုန်တိုင်းစစ်ဆင်ရေးအပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီပြည် ဒေသအနှံ့တွင် စစ်ဆင်ရေးများစတင်ဖော်ဆောင်ခဲ့သည်။

ယင်းစစ်ဆင်ရေးများအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီးနှင့် မိုးဗြဲ စသည့် မြို့ ၆ မြို့ကို KNDF ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့သည့်အပြင် လွိုင်ကော်အပါအဝင် ကျန်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် တပ်စခန်း စုစုပေါင်း ၆၅ ခုအထိ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း တပ်ပေါင်းစု၏ စစ်ရေးထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

ထိုစခန်းများမှာ လွိုင်ကော်မှ ၁၂ ခု၊ ဒီးမော့ဆိုမှ ၁၃ ခု၊ ဖားဆောင်းမှ စခန်း ၉ ခု၊ ဘောလခဲမှ ၅ ခု၊ ရှားတောမှ ၇ ခု၊ ဖယ်ခုံမှ ၁၇ ခု၊ မယ်စဲ့နှင့် ဖရူဆိုမြို့တို့မှ ၁ ခုစီတို့ ပါဝင်သည်။ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးခဲ့သည့် တပ်စခန်း ၁၆ ခု၏ နေရာဒေသကိုမူ ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

 

ထိုသို့ စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့်အတွက် သံလွင်အရှေ့ဘက်ခြမ်းဒေသနှင့် မယ်စဲ့နှင့် ရှားတောမြို့နယ်တို့မှာ စစ်ကောင်စီကင်းစင်နယ်မြေများ ဖြစ်လာခဲ့သည်ဟုလည်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

“ကယားပြည်နယ်က သံလွင်မြစ်ပေါ်မှာ မူတည်ပြီး သံလွင် အနောက်ခြမ်း၊ အရှေ့ခြမ်း ဆိုပြီး နှစ်မျိုးကွဲတယ်။ ဝမ်အောင်းရှမ်းရွာ၊ ပန်တိမ်း၊ မယ်စဲ့နန်ကစပြီး မယ်စဲ့၊ ဟိုစဲ့ ၊ BP13၊ BP14 ရှိတဲ့အခြမ်းကို သံလွင်အရှေ့ခြမ်းလို့ခေါ်တယ်။ ကယား(ကရင်နီ) ပြည်နယ်ပိုင် သံလွင်အရှေ့ဘက်ခြမ်းက လုံးဝ စစ်‌ေ-ွး ကင်းစင်နယ်မြေဖြစ်နေပြီ။ ကရင်ပြည်နယ်နဲ့ ဆက်စပ်ဆိပ်ကမ်းတွေဆို ကျောက်ပန်းညို၊ ဘီးထာနဲ့ တောင်လှဆိုပြီး ကုန်စည်ကူးသန်းဖလှယ်တာတွေကိုတောင် လွတ်လွတ်လပ်လပ်လုပ်နိုင်နေပါပြီ” ဟု မြေပြင်ရှိ KNDF ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးနိုင်မှု အားကောင်းလာခဲ့သဖြင့် စိုးမိုနယ်မြေများ တစ်စတစ်စ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ကရင်နီပြည်တဝှမ်းလုံးသို့ ဖြန့်ကြက်တပ်ဖြန့်နိုင်နေသဖြင့် စစ်ကောင်စီက ၎င်းတို့တပ်စခန်းများ တည်ရှိရာနေရာဒေသ အနည်းငယ်တွင်သာ နယ်မြေစိုးမိုးမှုရှိတော့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။