ဧရာဝတီ လူငယ်သမဂ္ဂ ၂ နှစ်ပြည့်၊ နိုင်ငံရေးနှင့် စစ်ရေးတပ်ပေါင်းစုများ ပေါ်ပေါက်ရန်ကြိုးပမ်းနေဟုဆို

Author လင်းနွေဦး
Categories
Published on Jan 11, 2024

ဧရာဝတီတိုင်း ဟင်္သာတ ခရိုင်တွင် စတင်ဖွဲ့စည်းခဲ့သော ဧရာဝတီလူငယ်များသမဂ္ဂ(AYU)ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် နိုင်ငံရေးနှင့် စစ်ရေး ပူးတွဲတပ်ပေါင်းစုများ ပေါ်ပေါက်ရန် ကြိုးပမ်းနေသည်ဟု AYU ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက် နေ့တွင် စတင် ဖွဲ့စည်းခဲ့သော AYU အနေဖြင့် ဧရာဝတီတိုင်းအတွင်း ခရိုင် ၅ ခုနှင့် မြို့နယ် ၂၁ မြို့နယ်တို့တွင် လူငယ်သမဂ္ဂအဖွဲ့များ ဖွဲ့ စည်းခဲ့သည်ဟု ဆိုသည်။

 

“တူတာတွဲလုပ်၊မတူတာ ခွဲလုပ်ဟူသော မဟာမိတ်ဆက်ဆံရေး မူဝါဒ တပ်ပေါင်းစုပေါ်လစီ” များကို ကိုင်စွဲကာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သော မည်သည့်အင်အားစုမဆို အစဉ်အမြဲပူးပေါင်းတိုက်ပွဲဝင် သွားမည်ဖြစ်သည်ဟု AYU ၏ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

 

“ဒီ ၂ နှစ်တာအတွင်းမှာ ကျွန်တော်တို့အနေနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေဘက်မှာ မဟာမိတ်အဖွဲ့အစည်းတွေပေါင်းပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ခဲ့တာလည်းရှိတယ်။ လုံခြုံရေးအရ သတင်းမထုတ်ပြန်ခဲ့တဲ့ လှုပ်ရှားမှုတွေလည်းရှိပါတယ်။ နောက်တစ်ခုအနေနဲ့က တပ်ပေါင်းစုမူဝါဒကို ချမှတ်နိုင်ခဲ့ပြီး ဒေသတွင်းနဲ့ ကျွန်တော်တို့နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ စစ်ရေး+နိုင်ငံရေး တပ်ပေါင်းစုတွေပေါ်လာနိုင်အောင်လည်း ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ၎င်းက CJ Platform သို့ ပြောသည်။

 

AYU အနေဖြင့် မည်သည့်အခြေအနေတွင်မဆို စစ်ကောင်စီနှင့် စေ့စပ်ဆွေးနွေးရေးအတွေးအခေါ်ကို အပြီးတိုင် စွန့်လွှတ်ပြီး စစ်အာဏာရှင်(စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျုုရိုကရေစီယန္တရား)အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကာ ပံ့ပိုးကူညီပေးကြသော ပြည်သူလူထုအား ကျေးဇူးတင်ကြောင်း ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။