အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်၊ တပ်ဖွဲ့ဝင် ၁၈၀ နီးပါး ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေး ယင်းစခန်းအတွင်း အဆိပ်များ ပက်ဖြန်းခဲ့ဟုဆို

Author လင်းနွေဦး
Categories
Published on Mar 13, 2024

ရခိုင်ပြည်၊ မောင်တောမြို့ မြောက်ဘက်ရှိ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ မတ်လ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ တပ်သားအလောင်းများ သိမ်းဆည်းရမိခဲ့သည့်အပြင် စခန်းရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၇၉ ဦး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

 

ရက္ခိုင့်တပ်တော်မှ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို မသိမ်းပိုက်မီ မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်ကတည်းက ယင်းစခန်းမှ စခန်းစွန့်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး ရက္ခိုင့်တပ်တော်မှ ဝိုင်းရံပိတ်ဆို့ကာ လိုက်လံထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့မှုများလည်းရှိခဲ့သည်။

အောင်သပြေ နယ်ခြားစောင့်စခန်း သိမ်းပိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျန်ရှိခဲ့သည့် စားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များ သုတ်လူးထားခဲ့ခြင်း၊ ရေဘူးများအတွင်း အဆိပ်များ ထည့်ထားခြင်းအပြင် စခန်းအတွင်း အဆိပ်ဖြန်းပက်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် သိမ်းဆည်းရမိသည့် စားနပ်ရိက္ခာများကို သတိထားကိုင်တွယ်စေလို ကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

ကျန်ရှိနေသေးသည့် နယ်ခြားစောင့်စစ်စခန်းများကိုလည်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ရသေ့တောင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနချုပ်တပ်ရင်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း၊ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မင်းပြားမြို့အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် အရပ်သားပြည်သူ နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ဆိုသည်။

 

လက်ရှိတွင် ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်ဆင်မှုကို စစ်ကောင်စီမှ အလူးအလဲခံစားနေရကာ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့နှင့် ရမ်းဗြဲမြို့တို့ကို လက်လွှတ်ဆုံးရှုံးထားရသည်။ ထို့ပြင် ချင်းပြည်နယ်ရှိ ပလက်ဝဒေသကိုလည်း ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားသည်။

Related News

Depend on news