အင်းတော်တွင် စစ်ကောင်စီတပ်အထိနာပြီးနောက် လေကြောင်းသုံးပစ်ခတ်မှုလုပ်ဆောင်

Author ခေတ်နီ
Categories
Published on Oct 19, 2022

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင် ၊အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး အထိနာခဲ့တာကြောင့် လေကြောင်းသုံးပစ်ခတ်မှုများပါရှိခဲ့ကြောင်း Indaw revolution ir ကထုတ်ပြန်ထားသည်။

အင်းတော်မြို့နယ်အတွင်းရှိ အောင်းကုန်းရွာအတွင်းသို့ အင်အား၆၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်း တပ်ဖွဲ့များမှ ယမန်နေ့ ညနေ၆နာရီအချိန်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိခိုက်အကျဆုံးများခဲ့တာကြောင့် တိုက်လေယာဥ်ဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး ထိုသို့ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အောင်းကုန်းရွာမှ နေအိမ်၅လုံး နှင့်အင်ပင်ရွာမှ နေအိမ်၂လုံးပျက်ဆီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အောင်းကုန်းရွာရှိ နေအိမ်၄လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်။

ထိုစစ်ကောင်စီစစ်ကြောင်းသည် ယနေ့မနက်ပိုင်းအထိ အောင်းကုန်းနှင့် အင်ပင်ရွာတွင်ရှိနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။