အင်းစိန်ထောင် ဗုံးပေါက် ဝန်ထမ်းသုံးဦးသေ ခုနှစ်ဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Oct 19, 2022

အင်းစိန်မြို့နယ် ၊ရွာမအလယ်ရပ်ကွက်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်တွင် ယနေ့ နံနက် ၉နာရီ၄၀မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့ရာ အကျဉ်းဦးစီးဌာနဝန်ထမ်းသုံးဦးသေဆုံးပြီး ခုနှစ် ဦးဒဏ်ရာရရှိခဲ့သည်ဟု အကျဥ်းဦးစီးမှ သိရသည်။

အကျဥ်းဦးစီးဌာန ဝင်ထွက်ပေါက် ပါဆယ်လက်ခံသည့် အဆောက်အဦးအတွင်း၌ တစ်ကြိမ်နှင့် အပြင်တွင်တစ်ကြိမ်ပေါက်ကွဲခဲ့တာဖြစ်သည်ဟု အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“သေတာက ဝန်ထမ်းအမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦးပါ ခုနှစ်ဦးဒဏ်ရာရတယ် အခြေအနေကတော့ စိုးရိမ်ရတယ်”ဟု ပြောသည်။

ပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဌာနမှ တပ်သားခင်မိုးဝေ၊ တပ်သားပိုးအိဇံနှင့် တပ်သားကျော်ဇင်ဦး တို့သေဆုံးပြီး ခုနှစ် ဦးမှာဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“ပစ်ခတ်မှုမဖြစ်ဘူး ဗုံးနှစ်ကြိမ်ပေါက်တာ သေတဲ့သူလည်းရှိတယ် ဒဏ်ရာရတဲ့သူတွေလည်း အခြေအနေမကောင်းဘူး မဂ်လာဒုံစစ်ဆေးရုံပို့ထားတယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များမှ အင်းစိန်အကျဥ်းထောင်အတွင်းနှင့် အနီးတဝိုက်တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ပြီးခဲ့သည့်လတွေကလည်း အင်းစိန်အကျဥ်းထောင်တွင် ဗုံးပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့သည်။