အင်ငုတ်တိုရွာမှ ပြည်သူ နှစ်ဦးကို စစ်ကြောင်စီ စစ်ကြောင်းမှ ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်သွား

Author ကေဇက်
Categories
Published on Feb 11, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ အင်ငုတ်တိုကျေးရွာတွင် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ချပ်ကြီးကျေးရွာမှာ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်သွားကြောင်း  ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင် တာဝန်ခံထံမှ သိရှိရသည်။

 

အဆိုပါနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၆၁မှ အင်အား ၁၅၀ခန့်ဖြင့် ချပ်ကြီးရွာမှ စစ်ကြောင်းထွက်လာပြီး အင်ငုတ်တိုကျေးရွာအနီး တပ်ဖြန့်ထားစဉ် ဒေသခံများဖြစ်သူ ကိုသိန်းမြင့်(၄၅)နှစ်ခန့် နှင့် ကိုချိုသန်း (ခ) ကိုရွှေအိုးစည်(၃၀)နှစ်ခန့် တို့မှာ ရွာအတွင်းမှ ယာတောအိမ်သို့ အထွက်လာ လမ်းခရီးတွင် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးကာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

 

အင်ငုတ်တိုကျေးရွာကို စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးထားခြင်းကြောင့် ဒေသခံအများစုမှာ တိမ်းရှောင်နေရပြီး အချို့သာ ကျေးရွာအတွင်းနေထိုင်ကာ အများစုမှာ ယာတောများတွင် တိမ်းရှောင်နေရသည်။

 

“ဆိုင်ကယ်နဲ့ ယာတောအိမ်ကိုသွားတုန်း လမ်းမှာ စစ်ကြောင်းထိုးချိန်နဲ့ ထိပ်တိုက်တိုးပြီး သေနတ်နဲ့ အရင်ပစ်ခံရတယ်ပြီးတော့ သေနတ်ဒင်နဲ့ အထု ခံရတာ ဖြစ်နိုင်တယ်၊dead body(သေဆုံးပြီးခန္ဓာကိုယ်)တော့ ပြန်ရပါပြီ ၊မြင်မကောင်းဘူး ဦးနှောက်တွေတောင် ကြေနေပြီ”ဟု ဒေသခံများထံမှ သိရကြောင်း ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင် တာဝန်ခံက ပြောသည်။

 

အင်ငုတ်တိုရွာသည် ချပ်သင်းတိုက်နယ်တွင် ပထမဆုံး မီးရှို့ခံထားရသောရွာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလနှင့် ဩဂုတ်လတို့တွင် (၂)ကြိမ်တိုင် မီးရှို့ခံထားရပြီး နေအိမ် (၁၅၇)လုံး ပျက်စီးဆုံးရှုံးထားသည်။

 

ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းတိုက်နယ် ၊ပင့်သာ တိုက်နယ်နှင့် ကိုးထောင်ဘို့ တိုက်နယ်တို့တွင်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုများကြောင့် ကျေးရွာ (၂၅)ရွာ ကျော် စစ်ဘေးရှောင်နေကြရသည်။

 

ဓာတ်ပုံ – Google