ဟိုပုံး နမ့်ဟူးရွာ မီးရှို့ခံရမှု PNLA နှင့် စစ်ကောင်စီ အပြန်အလှန်စွပ်စွဲအပြစ်တင်

Author Gold 
Categories
Published on Mar 14, 2024

ရှမ်းပြည်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးမှုနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ အပြန်အလှန် စွပ်စွဲအပြစ်တင်မှုများ ပြုလုပ်နေကြသည်။

 

မတ်လ ၁၂ ရက်နေ့ မီးရှို့ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီနှင့် ပျူစောထီး(ပြည်သူ့စစ် )ထောက်ခံသူများဘက်က PNLA တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏ လူမှုကွန်ရက်များမှတဆင့် ထုတ်ပြန်ပြောဆိုနေကြသည်။

 

ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်ဒေသ တောင်ခြေတွင်ရှိသည့် အိမ်ခြေ ၁၀ဝ နီးပါးခန့်ရှိသော နမ့်ဟူးကျေးရွာအနီးတစ်ဝိုက် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)များက မတ်လ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ ပြောသည်။

 

“ ရွာဘေးမှာ လယ်ကွင်းတွေရှိတယ်။ တောင်ဘက်နဲ့ အနောက်တောင်ဘက်တောင်ကုန်းတွေပေါ်မှာ တပ်စွဲထားတဲ့ တပ်တွေက မီးရှို့တာ။ တစ်ရွာလုံးနီးပါး အကုန်ရှို့ခံရတာ” ဟု ၎င်းက ပြောသည်။

ထို့သို့ စစ်ကောင်စီက နမ့်ဟူးကျေးရွာကိုမီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်နှင့် စစ်တပ်ထောက်ခံသူများက တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ရွာကိုမီးရှို့သည်ဟုဆိုကာ သတင်းအမှားများထုတ်လွင့်နေသည်ဟုလည်း PNLA  သတင်းတာဝန်ခံက ပြောသည်။

 

“ တော်လှန်ရေးတပ်တွေက အဲဒီလယ်ကွင်းတွေကိုဖြတ်မှ အဲဒီရွာကို ရောက်တာဖြစ်တယ်။ ဘယ်သူမှတော့ တောင်ကုန်းပေါ် ရန်သူပတ်ပတ်လည်ရှိနေတဲ့ကြားထဲ တော်လှန်ရေးတပ်ဖွဲ့က ဖြတ်သွားပြီး မီးရှို့တယ်ဆိုတာဖြစ်နိုင်လားဆိုတာ ဦးနှောက်ပါတဲ့သူတိုင်း စဉ်းစားတတ်ပါတယ်” ဟု ခွန်ရိန်းယံက CJ Platform သို့ ပြောသည်။

 

နမ့်ဟူးကျေးရွာသို့ ပအိုဝ်းဒေသလုံခြုံရေးလှုပ်ရှားမှုစစ်ကြောင်းသို့ မရောက်သကဲ့သို့ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယင်းကျေးရွာဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူထိခိုက်သေဆုံးမှုရှိမရှိနှင့်ပတ်သက်၍ PNLA အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

 

ထို့ပြင် စစ်ကောင်စီတပ်သည် မတ်လ ၁၁ ရက်နေ့က ဆိုက်ခေါင် စံပြကျေးရွာဘက်မှ ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ် ၈၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၁၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု PNLA က ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီတပ်များက PNLA တပ်များရှိနေသည့် ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်များအတွင်းသို့ နေ့စဉ်ကဲ့သို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းများအသုံးပြု ဗုံးကြဲခြင်းများပြုလုပ်နေသည်ဟု PNLA က နေ့စဉ်ထုတ်ပြန်နေသည်။

 

ဓာတ်ပုံ- PNLA