သေနတ်ပြခြိမ်းခြောက်နေသည့် ပျူခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး

Author မင်းထက်
Categories
Published on Jan 03, 2024

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု မှ သေနတ်ပြ၍ ပြည်သူကို ခြိမ်းခြောက်နေသော စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော် လော်ရှိန်းက CJ Platform သို့ ပြောသည်။

 

ဒီဇင်ဘာလ ၃၁ ရက်၊ နံနက် ၉ နာရီခန့်တွင် ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် မောင်ဉာဏ်သည် ဆိုင်ကယ်ဖြင့် ထွက်လာစဥ် ဂန့်ဂေါ်ပင်ရွာနှင့် ဗိုလ်တထောင်ရွာကြား၌ တော်လှန်ရေး ရဲဘော်များ၏ သေနတ်ဖြင့် ၅ ချက် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ထိုနေ့ ည ၉ နာရီခန့်တွင် ဆေးရုံ၌ ဆေးကုသရင်း သေဆုံးသွားကြောင်း သိရသည်။

 

“လည်ပင်းဘယ်နဲ့ ညာမှာ ကျည်နှစ်ချက်၊ ဘယ်ဘက်ချိုဇောင်း ကျည်တစ်ချက်၊ ညာဘက်နဖူး ကျည်တစ် ချက်၊ ဘယ်ဘက်လက်ကောက်ဝတ် ကျည်တစ်ချက်မှန်တယ်။ သေနတ်ပစ်ခံရပြီး လမ်းဘေးမြောင်းထဲကျသွားတယ်” ဟု အထက်ပါတာ၀န်ရှိသူကပြောသည်။

 

သေဆုံးသွားသော  ပျူစောထီးခေါင်းဆောင်သည်  စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်လာခြင်းဖြစ်ပြီး ဆန္ဒပြပြည်သူများကို အစောပိုင်းကာလကတည်းက  သတင်းပေးဖမ်းခိုင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၊ ပျူသင်တန်း တက်ရောက်ထားသည့် စစ်တပ် ထောက်တိုင် အမာခံတစ်ဦးဖြစ်ကြောင်း သိရသည်။

 

လူငယ်များကို ရဲနှင့် စစ်တပ်ထဲဝင်ရန် စည်းရုံး၍ ပျူစောထီးအဖွဲ့ ဖွဲ့စည်းပြီး စစ်တပ်အတွက် အင်အားစုဆောင်းပေးခြင်း၊ စစ်တပ်ထံ တော်လှန်ရေးရဲဘော်များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ စစ်တပ်က ထုတ်ပေးထားသည့် သေနတ်ပြ၍ လက်နက်အားကိုးဖြင့် ပြည်သူများကို ဖိနှိပ်ခြင်း၊ ပြည်သူများ၏ အသက်အန္တရာယ်ထိပါခြိမ်းခြောက် ဒုက္ခပေးနေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံမှ သိရသည်။

 

ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂