သာယာ၀တီမြို့နယ်ရှိ သုံးဆယ်ရဲစခန်း အတိုက်ခံရ ရဲသားတစ်ဦးသေ

Author မင်းထက်
Categories
Published on Nov 21, 2023

ပဲခူးတိုင်းဒေသကြီး ၊ သာယာ၀တီမြို့နယ် ၊ သုံးဆယ်ရဲတပ်ဖွဲ့စခန်းအား “ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီ ​ဂဠုန်တပ်ဖွဲ မြို့ပြစစ်ရေးတာဝန်ခံ မှ  CJ Platform သို့ပြောသည်။

 

သာယာ၀တီမြို့နယ် ၊ သုံးဆယ်ရဲတပ်ဖွဲ့စခန်းအား နိုင်၀င်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် “ရှမ်းမြောက် ညီနောင်သုံးဖော်၏ ၁၀၂၇ စစ်ဆင်ရေး”ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သာယာ၀တီဂဠုန်တပ်ဖွဲ့နှင့် သာယာ၀တီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ  “ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“စခန်းမှာ အင်အားက ခန့်မှန်း ၃၀ ကျော်ပါ။ သူတို့ဘက်က ကျွန်တော်တို့ ပစ်ခတ်ချိန်မှာ အလစ်ဖြစ်သွားတော့ ချက်ချင်း မပစ်ပဲ ပတ်ပြေးနေကြတာပါ။ ကျွန်တော်တို့ စခန်းထဲထိ ဝင်မတိုက်ပါဘူးဗျ။ အပေါက်ဝ တပ်သားတွေကိုပဲ တိုက်ခိုက်ပြီး ဆုတ်ခွာခဲ့ပါတယ်။ ကျွန်တော်တို့ နောက်မှသာ သေနတ်သံတွေ ပစ်ကျန်ခဲ့ပါတယ်” ဟု သာယာဝတီ ​ဂဠုန်တပ်ဖွဲ မြို့ပြစစ်ရေးတာဝန်ခံက ပြောသည်။

 

တိုက်ခိုက်ခံရပြီးအတွင်း သုံးဆယ်ရဲတပ်ဖွဲ့၀င်တစ်ဦး သေဆုံးကာ ထိခိုက်သူများရှိနိုင်ကြောင်း၊ ထိခိုက်သေဆုံးမှုအား ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

 

ယင်းနောက် စစ်ကောင်စီ လက်အောက်ခံ သုံးဆယ်ရဲတပ်ဖွဲ့၀င်များက လမ်းများပိတ်ခြင်း၊ ပစ်ခတ်မှုနဲ့ မသက်ဆိုင်သော လမ်းသွားလမ်းလာ ပြည်သူများ၏ ကားများ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။