လှိုင်သာယာတွင် အုပ်စုဖွဲ့လုယက်မှုများ ခပ်စိတ်စိတ်ဖြစ်လာ

Author ကိုထက်
Categories
Published on Jan 16, 2024

ရန်ကုန်တိုင်း၏ ရွှေ့ပြောင်းအများဆုံးနေထိုင်သော လှိုင်သာယာမြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်၍ ယခုရက်ပိုင်းအတွင်း အုပ်စုဖွဲ့လုယက်မှုများ ခပ်စိတ်စိတ်ဖြစ်လာနေကြောင်း လုယက်ခံရသူများနှင့် မြို့ခံများထံမှ သိရသည်။

 

ညဘက်စက်ရုံအလုပ်သမားများ အလုပ်ဆင်းသည့်အချိန်များတွင် မှောင်ရိပ်ခိုလုယက်မှုများခံခဲ့ရကြောင်း ကြုံတွေ့ခဲ့ရသူများက ပြောသည်။

 

“ညဘက်စက်ရုံပြန်လာချိန် ဖယ်ရီကားပေါ်ကအဆင်း ရပ်ကွက်ထဲအဝင်မှာ ဖုန်းလာလို့ထုတ်ပြောနေတာကို လေး၊ ငါး‌ယောက်လောက်ဝင်တိုက်မိသလိုနဲ့ ပိုက်ဆံအိတ်‌ရော၊ ဖုန်းရောလုသွားတာ။ သူတို့က အများနဲ့ဆိုတော့ အော်လည်းမအော်ရဲဘူး။ လစာထုတ်ရက်ဆို ပါသွားတဲ့သူတွေတော်တော်များတယ်” ဟု လှိုင်သာယာရှိ စက်ရုံတစ်ရုံတွင်လုပ်ကိုင်နေသော အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောသည်။

 

လုယက်သူများသည် အုပ်စုလိုက်ဖြင့် လှုပ်ရှားကြပြီး လုယက်ခံရ၍ သက်ဆိုင်ရာကို သွားရောက်တိုင်တန်းသော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း လုယက်ခံရသူများက ဆိုသည်။

 

“ရပ်ကွက်ထဲကရာအိမ်မှူးကိုသွားပြောပြတော့လည်း သူက ရုံးကိုသွားပါတဲ့။ ရပ်ကွက်ရုံးကလည်း ရဲစခန်းမှာ အမှုဖွင့်လိုက်ဆိုပြီးပြောတယ်။ ရဲစခန်းသွားပြန်တော့လည်း တိုင်တာကိုလက်ခံချင်သလိုလို၊ မခံချင်သလိုလို စိတ်မပါတဲ့ပုံစံတွေနဲ့။ အဲဒီလို အလုခံရတော့ တစ်လလုံးလုပ်ထားတာက အဆောင်လခပေးရဖို့၊ တခြားသုံးဖို့စွဲဖို့ အတော်လေးခက်ခဲသွားတယ်” ဟု လှိုင်သာယာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် နေထိုင်သူ လုယက်ခံရဖူးသူတစ်ဦးက ပြောသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုစရိုက်မှုများ များပြားလာပြီး ဖြေရှင်းပေးရမည့် စစ်ကောင်စီလက်‌အောက်ခံ တပ်သားများကပင် မသိကျိုးကျွံပြုနေမှုများကြောင့် ပြည်သူများမှာ မလုံခြုံဖြစ်နေရသည်။

 

ယင်းသို့ လုယက်မှု၊ ဓါးပြတိုက်မှု စသည့်ဒုစရိုက်မှုများသည် ရန်ကုန်မြို့၏ မြို့နယ်အတော်များများတွင် ဖြစ်ပွားနေ၍ လှိုင်သာယာ၊ ရွှေပြည်သာစသည့်မြို့နယ်များတွင် အဆိုးရွားဆုံးဖြစ်ပေါ် နေသည်ဟု ယင်းဒေသခံများထံမှ သိရသည်။