လှိုင်သာယာတွင် ရပ်ကွက်ရုံးပြင်ရန်ဟုဆိုကာ အဆောင်ပိုင်ရှင်များကို ငွေကြေးကောက်ခံ

Author ကိုထက်
Categories
Published on Jan 11, 2024

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပြန်လည်ပြုပြင်တည်ဆောက်ရန်ဟုဆိုကာ အဆောင်ပိုင်ရှင်များကို ငွေကြေးမထည့်မနေရကောက်ခံနေကြောင်း ထိုရပ်ကွက်အတွင်းရှိ အဆောင်ပိုင်ရှင်များထံမှ သိရသည်။

 

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက နှစ်ထပ်အဆောင်များကို အဓိကထား ငွေကြေးကောက်ခံ‌နေ‌ပြီး အဆောင်တစ်ခုလျှင် ငါးသောင်းကျပ်သတ်မှတ်ကောက်ခံနေကြကြောင်း အဆောင်ပိုင်ရှင်များက ပြောသည်။

 

“ရပ်ကွက်ထဲမှာ အဲဒီလိုကောက်ခံတာတွေ မလုပ်တော့ဘူးဆိုပြီး ခုကျတော့ ထပ်လုပ်နေတယ်။ သူတို့တွေက ပိုက်ဆံ‌ကောက်တာ တရားလွန်တယ်။ မပေးချင်ပေမဲ့လည်း မပေးရင် သူတို့ အငြိုးထားပြီး ရန်ရှာမှာ ကြောက်ရသေးတယ်။ သူတို့ကတော့ ငါးသောင်း အပြည့်မပေးရင်တောင် တစ်ဝက်လောက်ပေးလို့ ပြောတယ်။ အဲဒါ ရုံး‌ဆောက်ဖို့ ဝိုင်းကူငွေထည့်ခိုင်းတာနဲ့ မတူဘူး။ သပ်သပ်အနိုင်ကျင့်နေသလိုပဲ” ဟု လှိုင်သာယာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်ရှိ အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

ယခင်ကလည်း လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် တစ်စုံတရာလုပ်မည်ဆိုတိုင်း ယခုကဲ့သို့ ငွေကြေးကောက်ခံမှုများပြုလုပ်လေ့ရှိကြောင်း မြို့ခံများက ဆိုသည်။

 

“သူတို့ ဒီ‌လိုတွေလုပ်တာမျိုးကို မကျေနပ်ပေမဲ့လည်း ရန်ပြုမှာတွေကို‌ ကြောက်နေရလို့ ပြည်သူတွေမှာ မဖြစ်မနေ ပေးနေရတယ်။ ကျွန်တော်တို့ မတရားလုပ်ခံနေရပေမဲ့ ကျွန်တော်တို့ သူတို့ကို ဘယ်မှာသွားတိုင်ရမလဲ။ တိုင်ခဲ့လည်း သူတို့ကို အရေးမယူဘဲ ကျွန်တော်တို့ အသက်အန္တရာယ်ပဲ စိုးရိမ်ရတာ” ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

 

စစ်ကောင်စီလက်အောက်ခံများသည် လှိုင်သာယာမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း မြို့နယ်၏ အထင်ကရစေတီတော်ဖြစ်သည့် အောင်မြေသာယာစေတီတော်ပြုပြင်ရန်ဟုဆိုကာ အဆောင်ပိုင်ရှင်များကို  အခန်းအရေအတွက်အလိုက် အခန်း ၁၀ ခန်း ကျော်ရှိသည့် အဆောင်များကို ကျပ် ၁ သိန်းခွဲ၊ အခန်း၂၀ ကျော်ရင် ကျပ် ၂ သိန်းခွဲ ကောက်ခံခဲ့သေးသည်။