လက်ဖက်ရည်ထိုင်သောက်နေသည့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပစ်ခံရ

Author အောင်နိူင်သူ
Categories
Published on Sep 21, 2022

သာကေတမြို့နယ် ၄/ မြောက်ရပ်ကွက်တွင် ယမန်နေ့ည ရှစ်နာရီက လက်ဖက်ရည်သောက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံများထံမှ သိရသည်။

ယမန်နေ့ည ရှစ်နာရီခန့်တွင် ရိုးရိုးလေးလက်ဘက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နှင့်ပစ်ခတ်ခဲ့၍ သေဆုံးသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“လက်ဖက်ရည်မှာပြီး သောက်တောင်မသောက်ရသေးဘူး သေနတ်နဲ့လာပစ်တာ လေးချက်လောက် ရှိတယ် ပွဲချင်း
ပြီးသေသွားတယ်”ဟု ပြောသည်။

သေနတ်ပစ်ခံရ၍ သေဆုံးသူမှာ ၄/ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးသွားသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များသည် အောင်ရတနာလမ်းနှင့် အောင်ဇေယျလမ်းမှာ ဆိုင်ကယ်နှင့်ကားများကို စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ရပ်ကွက်နေသူတွေထံမှ သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ၂၇ကြိမ်ဖြစ်ခဲ့ပြီး ခြောက်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များလည်းရှိသည်။