ရွှေဘုံသာကျေးရွာတွင် မသန်စွမ်းဒေသခံတစ်ဦးအား စစ်ကောင်စီမှ အကြောင်းမဲ့သ-တ်ဖြ-တ်

Author လင်းခိုင်
Categories
Published on Oct 19, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာတွင် ကျေးရွာသားတစ်ဦးအား စစ်ကောင်စီမှ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း မြောင် PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ နံနက် ၅နာရီတွင် ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်များသည် ရွှေဘုံသာ ကျေးရွာအ၀င်းသို့ ပစ်ခတ်၀င်ရောက်ပြီး လက်တစ်ဖက်ပြတ်ပြီး၊ နားမကြားသည့် အသက် ၄၅ နှစ်အရွယ် ဦးမြင့်ဦးဆိုသည့် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ရွှေဘုံသာ ကျေးရွာရှိနေအိမ်များကို မွှေနှောက်ရှာဖွေပြီး အိမ်များမှ ငွေကျပ် ၁၈ သိန်းနှင့် ဖုန်းနှစ်လုံးကိုလည်း လုယူသွားခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ရွှေဘုံသာ ကျေးရွာသို့ စစ်ကောင်စီတပ်များ၀င်ရောက် နှိပ်စက်နေသည်ကို ကြားသိသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်များ ကျေးရွာမှ အထွက် ကျောက်ရစ်စခန်းသို့အ၀င် မိုင်း နှစ်ကြိမ်ဆွဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃မှ လည်း စစ်ကောင်စီတပ်များကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးထိခိုက်ခဲ့ကြောင်းလည်းသိရသည်။