ရန်ကုန်တွင် ဘဏ်မှငွေထုတ်ပြီး ကားဖြင့် ပြန်လာသည့် အမျိုးသားအား လမ်း၌ လူ ၂ဦးက ကားပေါ်တက်ကာ ဓါးထောက်လုယက်၍ ငွေနှင့် အခြားပစ္စည်းများ ယူဆောင်သွား

Author မေ
Categories
Published on Oct 23, 2022

ရန်ကုန်မြို့၌ ဘဏ်မှငွေထုတ်ပြီး ကားဖြင့် ပြန်လာသည့် အမျိုးသားအား လမ်း၌ လူ ၂ဦးက ကားပေါ်တက် ကာ ဓါးထောက်လုယက်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၁၅၀ အပါအဝင် အခြားပစ္စည်းများပါ လုယက် ခံခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးမှာ ဘဏ်မှငွေထုတ်လာခဲ့ပြီးနောက် ၎င်း၏ Suzuki အမျိုးအစား ကိုယ်ပိုင်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် တောင်ဥက္ကလာပမြို့နယ်ရှိ ရတနာလမ်းအနီး တဝိုက်၌ လူရော၊ ယာဉ်ပါ မိသားစုနှင့် အဆက်အသွယ် ပြတ်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်စုံစမ်းရာ အဆိုပါ ယာဉ်မှာ ထောက်ကြန့်ဘက်ရှိ တိုးဂိတ်တစ်ခုမှ ဖြတ်သန်းသွားသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။

မိသားစုမှ နီးစပ်ရာသို့ ချိတ်ဆက်အကူအညီ တောင်းခံခြင်း၊ လူမှုကွန်ယက်ပေါ်၌ လူပျောက် ကြော်ငြာတင်၍ အကူအညီ တောင်းခံရာမှ ထိုနေ့ ညပိုင်းအချိန်က လူရော၊ ကားပါ မှော်ဘီရဲစခန်း၌ ထိန်းသိမ်းထားသည်ကို အဆက်အသွယ်ရခဲ့ကြောင်း သိရသည်။

“ဘဏ်ကပိုက်ဆံထုတ်ပြီးပြန်အလာ ရတနာလမ်းက ဝေဇယန္တာပေါ်အတက် မီးပွိုင့်ဖရီးကြောမှာရှေ့ က ကား၂စီး ခံနေလို့ရပ်နေတုန်း ဆေးလိပ်သောက်ချင်လို့မှန်အချ ကားက လော့ချမထားမိတော့လူ၂ ယောက်ကားပေါ်တက်လာတယ်။ ရှေ့ကလူက လွယ် အိတ်နဲ့ကာပြီး ဓားနဲ့ထောက်ထားတယ်။ နောက်လူက လည်ပင်းသိုင်းဖက်ပြီး မှန်တင်ခိုင်းတယ်။အော်မလို့လုပ်တော့ ဓားနဲ့ဖိထောက်ပြီးကားဆက်မောင်းခိုင်းတယ်။ လမ်းမှာ အကူအညီတောင်းဖို့ ကြိုးစားမိလို့ မျက် နှာနဲ့ဗိုက် ထိုးကြိတ်တယ်။ စိတ်လျှော့လိုက်ပြီး ယူချင်တာယူ လူကိုမလုပ်ဖို့ ပြောတော့မှ ဆက်မလုပ် တော့တာ။ ထောက်ကြံ့စစ်သင်းချိုင်းနားမှာ ဘီယာထဲ ဆေးထည့်ပြီးချုပ်တိုက်တယ်။ ၄ခါလောက်တိုက်ပြီး မှော်ဘီတိုးဂိတ်မရောက်ခင်၂ယောက်လုံး နောက်မှာပြောင်းထိုင်တယ်။ တိုးဂိတ်ကျော်ပြီး နောက်ပိုင်း ဘာမှမသိတော့ဘူး။ black box sd ကတ်ကိုဖြုတ်ဖို့လုပ်တာတော့သိတယ်။ သတိပြန်ရတဲ့အချိန် ဆိုင်ကယ်သံကြားလို့ နိုးလာလို့ ကားဆက်မောင်းလာရင်း ကွမ်းယာဆိုင်မှာ မေးနေတုန်း လှည့်ကင်းအဖွဲ့နဲ့တွေ့ပြီး စခန်းရောက်သွားတာ။”ဟု ဖြစ်စဉ်၌ ပျောက်ဆုံးသူအား ရှာဖွေပေးခဲ့သူ တစ်ဦးက ရှင်းပြသည်။

ထိုသို့ လုယက်ခံရမှုကြောင့် အဆိုပါ အမျိုးသား၏ ဘဏ်မှ ထုတ်လာသော ငွေကျပ် သိန်း ၁၅၀၊ ဖုန်း ၂ လုံးနှင့် တက်ဘလက် ၁လုံးတို့ လုယက်ခံခဲ့ရဟု သိရသည်။ ဖြစ်စဉ်နှင့် ပတ်သတ်၍ သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးရေး ပျက်သုန်း၍ ရန်ကုန်မြို့၌ပင် လူသတ်လုယက်မှု၊ ခိုးဆိုးလုနှိုက်မှုများ အပါအဝင် မှုခင်းမျိုးစုံ နေ့စဉ်ဖြစ်ပွားလျက် ရှိသည်။ မှုခင်းဖြစ်စဉ် အများစု၌ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ခြင်း မရှိသော ကြောင့်လည်း ၎င်းတို့က လုယက်မှု၊ သတ်ဖြတ်မှုများကို ပိုမို ဆိုးရွားစွာ ကျူးလွန်လာလျက် ရှိသည်။