ရန်ကုန်တွင် စစ်ကောင်စီကျင်းပသည့် ဘောလုံးပြိုင်ပွဲဝင်သူများ ပြည်သူ့စစ်ထဲဝင်ရန် ဖိအားပေးခံရဟုဆို

Author ကိုထက်
Categories
Published on Jan 19, 2024

အင်အားအလွန်ချိနဲ့လာသော စစ်ကောင်စီသည် အင်အားဖြည့်တင်းရန် ကြိုးပမ်းမှုအနေဖြင့် ရန်ကုန်အပါအဝင်မြို့ကြီးများတွင် ပြည်သူ့စစ်များဖွဲ့စည်းရန် လုပ်ဆောင်လျက်ရှိသည်။

 

ယခုအခါ ရန်ကုန်တွင် စစ်ကောင်စီက ကျင်းပပေးနေသည့် မြို့နယ်အလိုက် ဘောလုံးပြိုင်ပွဲများဝင်ရောက်ယှည်ပြိုင်ရန်စာရင်း‌ပေးထားသည့်ကစားသမားများကို ပြည်သူ့စစ်သင်တန်းတက်ရမည်ဟု မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လိုက်လံဖိအားပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ဆိုသည်။

 

“မြို့နယ်/ခရိုင် စီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား” ဟူသည့်အမည်များဖြင့် စစ်ကောင်စီလက်အောက်ခံများက ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ကျင်း‌ပနေခြင်းဖြစ်သည်ဟု သိရသည်။

 

အဓိကအနေဖြင့် ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တို့တွင် ကျင်းပနေသည့် မြို့နယ်ဘောလုံးပြိုင်ပွဲများတွင် ပါဝင်သူများကို ပြည်သူ့စစ်ထဲဝင်ရောက်ရမည်ဟု ဖိအားပေးမှုများရှိနေကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

ထိုပြိုင်ပွဲများတွင် ဝင်ကြေး ကျပ်တစ်သိန်းအပြင် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များပါတောင်းယူစာရင်းကောက်ပြီး အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်သင်တန်းတက်ရောက်ရမည်ဟု ဖိအားပေးပြောဆိုမှုများရှိနေသည်ဟု ဆိုသည်။

 

“ဘောလုံးပွဲကို လူအင်အား၊ လက်နက်အင်အားအပြည့်နဲ့ လာလုံခြုံရေးယူကြတာ။ ပြိုင်ပွဲဝင်ကြေးလည်း ပေးရတယ်။ အိမ်ထောင်စု‌စာရင်းတွေ၊ မှတ်ပုံတင်တွေပါစာရင်းကောက်ပြီး စစ်တပ်က သင်တန်းပေးတဲ့အထဲ ဝင်ကြရမယ်ပေါ့။ အုပ်ချုပ်ရေးမှူးက ပြောတာ” ဟု ရွှေပြည်သာမြို့နယ်တွင်ပြုလုပ်သည့်ဘောလုံးပြိုင်ပွဲသို့ သွားရောကါကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

 

ထို့ပြင် စာရင်းပေးထားပြီး မပါဝင်သူများကိုလည်း အိမ်အထိ လိုက်လံပြီး ပြည်သူ့စစ်ဖွဲ့ပါက ပါဝင်ရမည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

 

“အဲဒီလိုပြိုင်ပွဲဝင်မယ့်သူတွေ ပါရမယ်ကြားမိလို့ ကျွန်မသားက သွားမပြိုင်ဘဲနေတာပေါ့။ အဲဒါကို ရာအိမ်မှူးတွေရော အကုန်ပဲရောက်လာပြီး ပြိုင်ပွဲမှာ စာရင်းပေးထားရင် ပြည်သူ့စစ်ဖွဲ့ရင်ပါရမယ်ပေါ့။ အဲဒီလို ပြောသွားတယ်” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ပြီးခဲ့တဲ့နှစ်အတွင်း ထိုသို့ မြို့နယ်/ခရိုင်အလိုက် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလားပြိုင်ပွဲများကျင်းပခဲ့ပြီး စစ်သားများက စစ်ဝတ်စုံအပြည့်ဖြင့် ဆုချီးမြှင့်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် ဘောလုံးပြိုင်ပွဲများတွင် ပြည်သူ့စစ်အတွက် လူစုခြင်းမရှိခဲ့ပေ။

 

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်(မြောက်ပိုင်း)တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီအတွက် အလွန်အထိနာစေခဲ့ပြီး အင်အားအလွန့်အလွန်ပြုန်းတီးခဲ့ရသည်။

 

ထို့ကြောင့် ယခင်နှစ် နှောင်းပိုင်းမှစတင်၍ ရန်ကုန်၊ ပဲခူး၊ မန္တလေးတို့ကဲ့သို့ မြို့ကြီးများရှိ ရပ်ကွက်/ကျေးရွာများတွင် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းရန် အပြင်းအထန်လုပ်ဆောင်လာကြခြင်းဖြစ်သည်။

 

လတ်တလော ပဲခူးတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် တစ်ရွာလျှင်(သို့မဟုတ်)တစ်ရပ်ကွက်လျှင် ပြည်သူ့စစ် ၃၀ မှ ၅၀ ဦးအထိ မဲနှိုက်ရွေးချယ်၍ ဖွဲ့စည်းပေးရန် စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်မှူးများက ဖိအားပေးထားကြပြီး မဲပေါက်ပြီးမဝင်လိုပါက ပိုက်ဆံပေးရသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသကဲ့သို့ ကြုံတွေ့ရသူများကလည်း မီဒီယာများကို ဖွင့်ဟပြောဆိုထားကြသည်။

 

သို့သော် လက်ရှိအချိန်အထိ စစ်ကောင်စီအနေဖြင့် မည်သည့်ဒေသတွင်မျှ ပြည်သူ့စစ်အဖွဲ့အနေဖြင့် ဖွဲ့စည်းနိုင်ခြင်းမရှိသေးသကဲ့သို့ သင်တန်းပေးနိုင်ခြင်းလည်းမရှိသေးပေ။