ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုပြုလုပ်ပြီး ရဟတ်ယာဥ်ဖြင့် အင်အားအများအပြား ချထား

Author ခေတ်နီ
Categories
Published on Oct 19, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် ဒေသအစပ်ကို စစ်ကောင်စီက လေကြောင်း ပစ်ခတ် မှုပြုလုပ်ပြီး စစ်အင်အား ချထားမှုများ လုပ်ဆောင် နေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ယင်းမာပင်းနှင့် ပုလဲနယ်ဒေသအစပ်ရှိ ပုထိုးသာနှင့် ရင်ပေါင်တိုင်ရွာ ဘက်ကို စစ်ကောင်စီကယနေ့ မနက် ၁၀ နာရီကျော်အချိန်မှစတင်ပြီး Mi35 ၂ စီးဖြင့် ပစ်ခတ်ပြီးMi17ဖြင့် ၄ ကြိမ်တိုင် စစ်ကောင်စီတပ်သားများကို ချသွားကာ စစ်ကြောင်းထိုး ပစ်ခတ်နေတာပဲ ဖြစ်သည်။

စစ်ကောင်စီ ကထိုသို့ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်အင်အားချထားမှုကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံတချို့လဲ ပိတ်မိနေကြောင်း သိရသည်။

“မြေပြင်ကသတင်းပေးတာကတော့ ရင်ပေါင်တိုင်ကို ၂ ခေါက် ပုထိုးသာကို ၂ ခေါက်လူချတယ် လူချနေဆဲမှာပဲလေကြောင်းကနေပစ်ခတ်တာတွေရှိတယ် သူတို့စပစ်တည်းက ဒေသခံတွေထွက်ပြေးကြတယ် ပိတ်မိတာလဲရှိတယ် ထိခိုက်မှုတော့ မသိရသေးဘူး သူတို့လာချတာကျတော့ အင်အား၂၀၀ ကျော်မယ်”ဟုယင်းမာပင်ခရိုင် တပ်ရင်း ၁၂ မှ Guerilla Ranger တပ်ဖွဲ့ရဲ့ ပြောခွင့်ရှိသူ ကိုနေမင်းက CJ Platform ကိုပြောသည်။

ရင်ပေါင်တိုင်ကျေးရွာသည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်မှ ၁၉ ရက်နေ့ထိ စစ်ကောင်စီတပ်မှ လေ ကြောင်းအသုံးပြုပစ်ခတ်ပြီး စစ်ကြောင်းထိုး သတ် ဖြတ်မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၅၀နီးပါးသေဆုံးခဲ့ရသည့် ကျေးရွာလဲဖြစ်သည်။