ရခိုင်နှင့်ချင်းပြည်နယ်ရှိ စစ်မျက်နှာများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို CDF Daai ဖမ်းမိထား

Author ခေတ်နီ
Categories
Published on Feb 01, 2024

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိတိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်၏ အရာရှိစစ်သည် ၁၅ ဦး ထက်မနည်းကို ပလက်ဝဒေသအတွင်း Chinland defense forceမှ ဖမ်းဆီးရမိထားပြီး လိုအပ်သူများကို ဆေးဝါးကုသမှုများပါ လုပ်ဆောင်ပေးထားကြောင်း CDF Daai တာဝန်ရှိသူက ပြောသည်။

 

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများအနက် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ဗိုလ်အဆင့်ရှိသူတစ်ဦး အပြင် ထောက်လှမ်းရေးအရာရှိတစ်ဦးတို့ ပါဝင်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက် နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ စစ်ကောင်စီတပ်များသည် တပ်မ ၁၁ လက်အောက်ခံ ခမရ- ၂၁၇၊ ခမထ ၃၇၆၊ ခမရ ၂၁၉ ၊ခမရ ၂၂၀ ၊ခမရ ၃၈ ၊ခမရ ၅၈၇ နှင့် ခမရ ၉၀၈ တို့မှဖြစ်ပြီး အများစုမှာ ရခိုင်စစ်မျက်နှာပြင်မှ ဖြစ်ကြောင်း သိရသည်။

 

“အခုဖမ်းမိတဲ့ ၁၅ ယောက်က ရခိုင်ပြည်ဖက်က ပိုများပြီးတော့ ချင်းပြည်နယ်အချို့နေရာကလည်း ပါပါတယ်၊ ပြီးတော့ အခုလက်ရှိအခြေအနေအရတော့ သူတို့ကို ကျွန်တော်တို့အနေနဲ့ ထိန်းသိမ်းထားဆဲဖြစ်တယ် ၊နောက်ပြီးတော့မှ နိုင်ငံတကာစစ်ဥပဒေတွေနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်”ဟု  CDF Daaiရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ Salai Ai Baxက ဆိုသည်။

 

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများအနက် ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေးထားပြီး အနွေးထည်နှင့် စားစရာများပါ ပေးထားကာ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရသည်။

 

ထို့အပြင် CDF Daaiအနေဖြင့် ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရှိတာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကုန်စည်ရောင်းဝယ်ခြင်းနှင့် ရေကြောင်းဖြင့် ခရီးသွားလာခြင်း မပြုလုပ်ကြရန်လည်း အသိပေးထားသည်။

 

ဓာတ်ပုံ – CDF Daai