မြစ်ကြီးနားတွင် Wifi ပြန်ရသော်လည်း လိုင်းမကောင်းဟုဆို

Author ဟေဇယ်လ်ကို
Categories
Published on Jan 31, 2024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းမှစတင်၍ အိမ်သုံးဝိုင်ဖိုင်(Wifi) အင်တာနက်လိုင်းများအားလုံးဖြတ်တောက်ထားခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း Wifi လိုင်းအချို့ပြန်လည်ရရှိခဲ့သော်လည်း ယခုအချိန်အထိ ယခင်ကကဲ့သို့ လိုင်းမကောင်းကြောင်း ယင်းမြို့ခံများက ပြောသည်။

 

“Wifi တွေကတော့ ပြန်ရနေပါပြီ။ လိုင်းတွေကတော့ သိပ်မကောင်းသေးဘူး။ ညတွေဆို တော်တော်ဆိုးဆိုးရွားရွားပဲ။ နေ့ဘက်တွေကတော့ သိပ်မဆိုးပါဘူး။ အဓိကတော့ အွန်လိုင်းကနေပဲ ပညာသင်ယူနေရသူဖြစ်တော့ အင်တာနက်ကိုပဲ အားကိုးနေရတာပေါ့” ဟု အွန်လိုင်းမှပညာသင်ယူနေသော CDM ကျောင်းသူတစ်ဦးက ပြောသည်။

 

ထို့ပြင် Wifi များဖြတ်တောက်ထားစဉ်အတွင်း တယ်လီနောနှင့် အော်ရီဒူးတို့၏ ဆင်းကတ်အင်တာနက်လိုင်းများကိုလည်း မကြာခဏဖြတ်တောက်လေ့ရှိခဲ့ပြီး MPT ဆင်းကတ်၏ အင်တာနက်မှာလည်း အသုံးပြု၍မရသည့်အတွက် ထိုကာလအတွင်း တယ်လီနောဆင်းများကို အားထားအသုံးပြုခဲ့ရခြင်းကြောင့် ယင်းဆင်းကတ်တစ်ကတ်လျှင် ကျပ်တစ်သောင်းအထိမြင့်တက်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

 

ထို့ပြင် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော သမဝါယမဘဏ်(CB)တွင်လည်း အင်တာနက်ဖြင့် ဆောင်ရွက်ရသော လုပ်ငန်းအချို့ လိုင်းမကောင်း၍ လုပ်ဆောင်မပေးနိုင်သည့်အပြင် ငွေလွှဲဝန်ဆောင်မှုများတွင်လည်း ပြဿနာများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“အစ်မတို့က လိုင်းကောင်းမှ ရောင်းမယ့်ပစ္စည်းပုံတွေကို အွန်လိုင်းမှာတင်လို့ အဆင်ပြေတာလေ။ အဲဒီတုန်းက Wifi တွေကလည်း ပျက်၊ ဖုန်းအင်တာနက်တွေဆိုတာလည်း ခဏခဏပျက်နေတော့၊ လာဝယ်တဲ့သူတွေကိုလည်း စာကောင်းကောင်းမပြန်နိုင်တာတွေများလာပြီး မိတ်ပျက်တာတွေဖြစ်လာတာပေါ့။ လိုင်းတွေပြန်မရနိုင်လောက်တော့ဘူးဆိုပြီး ဆိုင်ခန်းငှား/ရောင်းဖို့တောင် စီစဉ်ခဲ့သေးတာ” ဟု မြစ်ကြီးနားရှိ အွန်လိုင်းဖြင့် ဈေးရောင်းနေသူတစ်ဦးက ပြောသည်။

 

ထိုသို့ အိမ်သုံး Wifi(FTTH)လိုင်းများဖြတ်တောက်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်အတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသည့် မနောင် လင့်ကုမ္ပဏီက “၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်ပျက်နေခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်-စစ်ကိုင်းတိုင်းကြားရှိ Main Uplink Cable များ ပြတ်တောက်သွားခြင်းကြောင့်ဖြစ်ပြီး မြေပြင်အနေအထားအရ သွားရောက်ပြုပြင်ရန် အခက်အခဲများရှိနေသည်” ဟု ၎င်းတို့၏ လူမှုစာမျက်နှာမှတစ်ဆင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလ(၁၀)ရက်က ကြေညာခဲ့ဖူးသည်။

 

“သက်ဆိုင်ရာ Wifi ကုမ္ပဏီတွေက လိုင်းတွေက ဘယ်လိုအကြောင်းကြောင့်ပြတ်တောက်သွားရတယ်ဆိုတာကို သေချာစွာရှင်းရှင်းလင်းလင်း ကြေညာထားခဲ့တာမရှိလို့ အင်တာနက်လိုင်းတွေ ပြတ်တောင်းသွားတာဖြစ်နိုင်သလို တမင်ဖြတ်တောက်ခံရတာလည်း ဖြစ်နိုင်တယ်” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက မှတ်ချက်ပေးပြောဆိုသည်။

 

လတ်တလော မြစ်ကြီးနားမြို့နယ်အတွင်း အိမ်သုံး Wifi အင်တာနက်များ ပြန်လည်ရရှိသော်လည်း လိုင်းမကောင်း၍ အွန်လိုင်းအသုံးပြုသူများ အခက်အခဲရှိနေပြီး ထပ်မံဖြတ်တောက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။