မြင်းခြံမှ မြောင်သို့ စစ်ရှောင်နေရသူ ၇၀၀ ခန့်ရှိ၊ အရေးပေါ်အကူအညီများလိုအပ်နေ

Author မင်းထက်
Categories
Published on Jan 20, 2024

စစ်ရေးတင်းမာနေသော မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဒေသခံ ၇၀၀ ခန့်သည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ စစ်ရှောင်နေကြရကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

 

ယခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှစတင်၍ မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများကို စစ်ကောင်စီတပ်များက မကြာခဏစစ်ကြောင်းထိုးလာလေ့ရှိသောကြောင့် ဒေသခံများ စစ်ရှောင်လာရခြင်းဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(မြောင် ပအဖ)မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

“မြင်းခြံမြို့နယ်က ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာပါ။ ကျွန်တော်တို့ မြောင်မြို့နယ်က မြစ်အနောက်ဘက်မှာပါ။ မြင်းခြံမြို့ဘက်ကနေ စစ်ကြောင်းထိုးလာပြီဆို သူတို့မှာ ပြေးစရာ မြောင်ဘက်ကမ်းပဲရှိတာပါ။ အဲဒီဘက်က ပြည်သူတွေရှောင်ရတော့မယ်ဆို ကျွန်တော်တို့ဘက်က ကျေးရွာပအဖတွေကို လှမ်းချိတ်ပါတယ်။ ကျွန်တော်တို့ဘက်က စက်လှေတွေလွှတ်ပေးရပါတယ်။ စက်လှေတွေနဲ့ စစ်ရှောင်ပြည်သူတွေကို တင်လာပြီး၊ ကျွန်တော်တို့ဘက်က နေစရာ ပေးပါတယ်။  စားစရာစီစဥ်ပေးရပါတယ်” ဟု ၎င်းက ပြောသည်။

 

ယင်းမြို့နယ်ရှိ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များအပြင် မြောင်မြို့နယ် လူသားစာနာအဖွဲ့အနေဖြင့်လည်း လူဦးရေ အနည်းအများပေါ်မူတည်ကာ ရိက္ခာများထောက်ပံ့ပေးနေသည့်အပြင် မြောင်မြို့နယ်ဘက်ရှိ မြင်းခြံမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ PDF၊ LPDFအဖွဲ့များကလည်း လာရောက်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

သို့သော် ထိုစစ်ရှောင်များအတွက်  စာနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအည်ီများ ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

 

ထိုစစ်ရှောင်များအနက် အိမ်ထောင်စု ၃၄ စုစာအတွက် တစ်အိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ တစ်ဗူး၊ အနွေးထည် တစ်ထည်နှင့် လူဦးရေ ၁၁၃ ဦးအတွက် စောင်တစ်ထည်စီ  ဇန်န၀ါရီလ ၁၆ ရင်နေ့က သွားရောက်ကူညီပေးခဲ့ကြောင်း Youths For Community-YFC(Myaung)မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

“စစ်ရှောင်နေရာက လက်ရှိမြောင်ဘက်မှာ နှစ်နေရာ ရှိပါတယ်။ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုအကူညီများ လိုအပ်နေဆဲပါ။ ကလေးငယ်တွေက ကျောက်ပေါက်ကြတယ်။ လူကြီးတွေကတော့ သွေးတိုး၊ ဒူးနာ၊ ခါးနာတွေ ဖြစ်နေကြတယ်။ မနေ့ကတော့ Medical cover ပြုလုပ်ပေးခဲ့ရတာပါ” ဟု ၎င်းက ပြောသည်။

ထိုစစ်ရှောင်များကို မြောင်မြို့နယ်ရှိ စစ်ရှောင်ကူညီရေးအဖွဲ့များမှ စောင့်ရှောက်ထားပြီး အရေးပေါ်လိုအပ်ချက်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေကြောင်း သိရသည်။