မူး(မုန်း)တိုက်ပွဲအတွင်း လက်နက်ချ စစ်သုံ့ပန်းနှင့် မိသားစုဝင် ၆၀ ကျော်ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားဟု KNU ဆို

Author လင်းနွေဦး
Categories
Published on Jan 15, 2024

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ် တိုက်ပွဲများအတွင်း လက်နက်ချ စစ်သုံ့ပန်းနှင့် မိသားစုဝင် ၆၀ ကျော်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ယနေ့နံနက်တွင် KNU က ထုတ်ပြန်သည်။

“အကြီးအကဲတွေ ကိုယ်တိုင်လည်း သူတို့ကို လာတွေ့ပြီး အားပေးစကားပြောတယ်။ လိုအပ်တာတွေ ကူညီပြီးကောင်းကောင်းထားတယ်။ စားတာသောက်တာကအစ ကျွန်တော်တို့နဲ့ တန်းတူပဲ။ တပ်တွင်းဆိုတော့ လုပ်စရာရှိတာတွေတော့ အကုန်ခွဲဝေလုပ်ကြရတာပေါ့” ဟု မူး(မုန်း)ရှေ့တန်းရောက် တော်လှန်ရေးရဲဘော် တစ်ဦးက CJ Platform သို့ ပြောသည်။

 

မူးမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ(၄)ရက်နေ့၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၉)ဦးနှင့် မိသားစုဝင် (၄၂)ဦးမှ လက်နက်ချ ပူးပေါင်းလာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားများအပေါ် တော်လှန်ရေးရဲဘော်တစ်ဦးအနေဖြင့် ၎င်း၏ သဘောထားကို CJ Platform မှမေးမြန်းရာတွင် “ကျွန်တော်တို့က သူတို့ကိုမမုန်းဘူးဗျ။ စနစ်(မူ)ကို မကြိုက်လို့တော်လှန် နေကြတာပါ။ လူကို မဟုတ်ဘူးဗျ။ အရှိတရားကို လက်ခံပြီး ခုလိုပူးပေါင်းလာတဲ့သူတွေကိုတော့ ကျွန်တော်တို့က ကြိုဆိုပါတယ်” ဟု မူးရှေ့တန်းရောက် ရဲဘော်က ထပ်မံဖြေကြားသည်။

 

KNU ၏ ထုတ်ပြန်ချက်အတွင်း၌လည်း ယခုကဲ့သို့ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်မှ မည်သည့်တပ်သားကိုမဆို စစ်သုံ့ပန်းဥပဒေများအရ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ထပ်မံလာရောက်ပူးပေါင်းလိုသည့် တပ်သားများကိုလည်း နွေးထွေးစွာ ကြိုဆိုလျက်ကြောင်း ဖော်ပြထားသည်။