မိုးကုတ်တွင် စစ်ကောင်စီလက်နက်ကြီးကျည် ‌အိမ်ပေါ်သို့ကျ၊ အိမ်ထောင်ဦးစီးသေဆုံးပြီး ဇနီးနှင့် သားသမီးဒဏ်ရာပြင်းထန်

Author အဂ္ဂ
Categories
Published on Jan 19, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ယမန်နေ့(ဇန်နဝါရီ ၁၈ ရက်)ညပိုင်းက ပိန်းပြစ်(အောက်)ရွာအတွင်းရှိနေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အိမ်ထောင်ဦးစီးအမျိုးသားသေဆုံးသည့်အပြင် ဇနီးနှင့် ကလေးများ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

စစ်ကောင်စီတပ်မှပစ်လိုက်သည့် လက်နက်ကြီးသည် ရွာအတွင်းက စာသင်ကျောင်းရှေ့ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသားဖြစ်သူ နေရာတွင်ပင်သေဆုံးပြီး အမျိုးသမီးနှင့် ကလေးများ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့သည်ဟု အဆိုပါ ဒေသခံကဆိုသည်။

“အမျိုးသားတစ်ယောက် ဆုံးသွားတယ်။ သူ့မိန်းမက အသည်းအသန်ဖြစ်ပြီး မန်းလေး (မန္တလေး)ဆေးရုံမှာ မနေ့ညက ပို့လိုက်ပြီ။ ကလေးတွေလည်း ခြေလက်တွေ ထိထားတယ်။ တစ်ယောက်က ဗိုက်ထိတာ အူတောင် ထွက်တော့မယ်” ဟု ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရမှုအခြေအနေ အသေးစိတ်ကို ၎င်းဒေသခံက CJ Platform သို့ ပြောသည်။

 

ထိုပစ်ခတ်မှုကြောင့် ပိန်းပြစ်(အောက်)ရွာသူ/သားများ ညတွင်းချင်း ညတွင်းချင်း တောင်ယာစိုက်ခင်းများရှိရာဘက်သို့ စစ်ဘေးရှောင်နေရသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

 

လက်ရှိတွင် ရွာအတွင်း မပေါက်ကွဲသေးသည့် ဗုံးသီးများသည် စာသင်ကျောင်းရှေ့အပါအဝင် ရွာအနှံ့အပြားတွင် ကျန်ရှိနေသေးကြောင်း ယင်းရွာခံများထံမှ သိရသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဓာတ်ပုံများတွင်လည်း မပေါက်ကွဲသေးသည့် ‌ဗုံးသီးများ ရွာအတွင်းပြန့်ကျဲနေသည်ကို မြင်တွေ့ရသည်။

 

ပိန်းပြစ်(အောက်)ရွာ ရှိရာဒေသသည် တအာင်းတပ်မတော် (TNLA)၏ စစ်ရေးလှုပ်ရှားရာ တပ်မဟာ (၂)စစ်ဒေသဖြစ်ပြီး ဇန်နဝါရီ (၁၁) ရက်မှစတင်ကာ အပစ်ရပ်ထားသည့်အတွက် စစ်ကောင်စီနှင့် တအာင်းတပ်မတော်ကြား ထိတွေ့တိုက်ပွဲများမရှိသော်လည်း အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

တအာင်းတပ်မတော်၏ ယမန်နေ့ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီသည် အပစ်ရပ်စဲရေး သဘောတူညီမှုကို အကြိမ်ကြိမ် ချိုးဖောက်ကာ ဇန်နဝါရီလ (၁၁) ရက်နေ့မှ ဇန်နဝါရီလ (၁၈) ရက်ရက်နေ့အထိ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ လာရှိုးမြို့နယ်များကို လက်နက်ကြီးများ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

 

ပိန်းပြစ် (အောက်) ရွာသည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာအုပ်စုတွင်ပါဝင်ပြီး ၂၀၁၄ သန်ခေါင်စာရင်းအရ ပိန်းပြစ်ကျေးရွာအုပ်စုတွင် ကျား ၂၁၁၇ ဦး၊ မ ၂၁၀၁ ဦး၊ စုစုပေါင်း လူဦးရေ ၄၂၁၈ ဦးရှိသည်ဟု သိရသည်။