“မသေလိုလျှင် စောစောစီးစီး အလံဖြူထောင်ရန်၊ ထွက်ပြေးဖို့ လမ်းဖွင့်ပေးပါဟု ခွင့်တောင်းရန်” စစ်ကောင်စီကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်သတိပေး

Author အဂ္ဂ
Categories
Published on Jan 15, 2024

ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သားများကို “မသေ၊ မနာလိုပါက စောစောစီးစီးအလံဖြူထောင်၍ ထွက်ပြေးရန်အတွက် လမ်းဖွင့်ပေးရန် ခွင့်တောင်းပါ” ဟု AA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X(ယခင် Twitter)လူမှုကွန်ရက်မှတဆင့် ယနေ့ (ဇန်နဝါရီ ၁၅ ရက်)နံနက်တွင် သတိပေးပြောကြားသည်။

 

” ဒီလို အလံဖြူထောင်၊ လမ်းဖွင့်ပေးဖို့ခွင့်မတောင်းဘဲ စခန်းအတွင်းကနေ ခုခံတိုက်ခိုက်ပြီး၊ ရက္ခိုင့်တပ်တော်က ခြံစည်းရိုးသုံးထပ်လုံးကျော်လာပြီး၊ ကတုတ်ကျင်းထိပ်အထိရောက်ပြီး၊ ခေါင်းကို သေနတ်နဲ့ချိန်ထားတဲ့အချိန်ရောက်မှ လမ်းဖွင့်ပေးပါလို့ မတောင်းဆိုနဲ့။ အဲဒီအချိန်ဟာ အရှင်ဖမ်းမိတယ်လို့ပဲ သတ်မှတ်မယ်” ဟု AA ခေါင်းဆောင်က ဆက်ပြောထားသည်။

 

ရက္ခိုင့်တပ်တော်သည် ယမန်နေ့ညပိုင်းတွင် ချင်းနှင့် ရက္ခိုင်ပြည်အစပ်ရှိ ပလက်ဝဒေသတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာခဲ့ပြီးနောက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုကဲ့သို့ စစ်ကောင်စီတပ်သားများအပေါ် သတိပေးပြောကြားလာခြင်းဖြစ်သည်။

 

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်ရှိ မြို့နယ် (၁၅)ခုမှ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၆၀) ဝန်းကျင်ကို သိမ်းပိုက်ထားနိုင်ပြီလည်းဖြစ်သည်။

 

ညီနောင်မဟာမိတ်တို့သည် ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ထားသော်လည်း ညီနောင်သုံးဖွဲ့တွင် ပါဝင်သည့် ရက္ခိုင့်တပ်တော်နှင့်မူ ရက္ခိုင်ပြည်၊ ချင်းပြည်နှင့် စစ်ကိုင်းတိုင်းတို့တွင်  ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

Related News

Depend on news