မန်းရွှေဆိုင် ဓားပြတိုက်ခံရမှု တစ်ဆိုင်လုံးရှိရွှေအားလုံးပါသွားဟုဆို

Author ကိုထားဝယ်
Categories
Published on Jan 19, 2024

မန္တလေးတိုင်း၊ မန္တလေးမြို့၊ မြို့မဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်ကို ယနေ့နံနက်ပိုင်းက ဓားပြဝင်တိုက်ခံရရာတွင် တစ်ဆိုင်လုံးရှိ ပိဿာနှင့်ချီရှိသည့် ရွှေများအားလုံးပါသွားကြောင်း ယင်းဆိုင်အနီးရှိ မန်းမြို့ခံများထံမှ သိရသည်။

 

ယနေ့ ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီခန့်က မန်းမြို့ စျေးတောင်ပေါက် ၃၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ဖွင့်လှစ်ထားသော ဆယ်သန်းရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့်လာသည့် နှာခေါင်းစည်း Mask များတပ်ဆင်ထားသူ သုံးဦးက ဓားပြဝင်တိုက်သွားခြင်းဖြစ်သည်ဟု သိရသည်။

 

“ဝင်သွားတော့လည်း အေးဆေးပဲ။ ထွက်လာတော့လည်း အေးဆေးပဲ။ ဓားပြတိုက်သွားမှန်းကို မသိရဘူး။ အဲဒီဆိုင်ဝန်ထမ်းတွေက ဓားပြတိုက်သွားတယ်လို့ပြောမှပဲ သိရတာ” ဟု ဓားပြတိုက်ခံရသည့် ရွှေဆိုင်နှင့်တစ်လမ်းတည်းနေသူတစ်ဦးက ပြောသည်။

 

လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာသည့် ရုပ်သံဖိုင်အတွင်း ရွှေများကို အိတ်အတွင်းသို့ အေးအေးလူလူထည့်နေကြသည့် ဓားပြသုံးဦးကို တွေ့ရသည်။ ထိုအထဲ Mask အဖြူရောင် ဝတ်ဆင်ထားသူ နှစ်ဦးနှင့် အမဲရောင် ဝတ်ထားသူတစ်ဦးတို့ကို တွေ့မြင်ရသည်။

 

ထို့ပြင် ထိုသုံးဦးထဲမှတစ်ဦးက ရွှေများထည့်နေစဉ် ” တစ်ယောက်မှမလှုပ်နဲ့နော်။ ကိုယ့်ဘာကိုယ် အေးဆေးနေနော်။ ငါတို့ ထွက်သွားတဲ့အထိနော်” ဟု ခြိမ်းခြောက် ပြောဆိုသည်ကို လုံခြုံကင်မရာအတွင်းမှတစ်ဆင့် တွေ့မြင်ကြားသိခဲ့ရသည်။

 

“သူတို့က ပစ္စတိုတွေနဲ့။ သုံးယောက်လာတာ။ ဆိုင်က ဝန်ထမ်းတွေက မိန်းကလေးတွေချည်းပဲလေ။ ဘယ်လိုမှ မလှုပ်ရဲဘူး။ လှုပ်လည်း ကိုယ့်အသက်ဆုံးရုံကလွဲပြီး ဘာမှရမှာမဟုတ်ဘူးလေ။ အဲဒါကြောင့် ဟိုကောင်(ဓားပြ)တွေက အေးဆေးလုပ်သွားတာပေါ့” ဟု အထက်ပါ မန်းမြို့ခံက ပြောသည်။

 

ထို့ပြင် တစ်ဆိုင်လုံးရှိ ရွှေများပါသွားသည့်အတွက် ကာလတန်ဖိုးအနေဖြင့် သိန်းသောင်းချီရှိနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့် ၎င်းက ခန့်မှန်းတွက်ချက်ပြောဆိုသည်။

 

“ဒီလိုတွေက မန်းလေးမှာ မကြာခဏဖြစ်နေတာ။ မလုံခြုံပါဘူး။ ဘယ်မှာမှ မလုံခြုံဘူးဖြစ်နေဗျာ” ဟု လုပ်ငန်းရှင် အမျိုးသားက ငြီးတွားပြောဆိုသည်။

 

မြန်မာနိုင်ငံ‌တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ ဒုစရိုက်မှုများစွာဖြစ်ပေါ်လာခဲ့ပြီး ယခု အာဏာသိမ်းမှု သုံးနှစ်ပြည့်ခါနီးတွင် ပိုမိုဆိုးရွားလာလျက်ရှိသည်။