မတ္တရာမှာ အရပ်သား ၆ ဦးကိုစစ်ကောင်စီတပ် ထပ်မံသတ်ဖြတ်

Author ခေတ်နီ
Categories
Published on Nov 21, 2023

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် နိုဝင်ဘာလ  ၁၈ ရက်နေ့တွင် အရပ်သား ၆ ဦးကို ထပ်မံသတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

သတ်ဖြတ်ခံရသည့် ဒေသခံများသည်  မတ္တရာမြို့နယ် ကင်းရွာနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာများမှ ဒေသခံများဖြစ်ပြီး အောင်သပြေကျေးရွာ အနီးရှိ အယ်လ်ဖာဘိလပ်မြေ စက်ရုံဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သတ်ဖြတ်သွားခြင်းဖြစ်သည်။

 

ထိုသို့ သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းများကို စက်ရုံ အဝင် ကွန်ကရစ်လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

 

“သရက်ကိုင်းက သုံးယောက်က တောင်သူပေါ့ နှမ်းရိတ်နေရင်း ဖမ်းခေါ်သွား ကင်းရွာက သုံးယောက်က သူတို့ထွက်လာတာကို မြင်လို့ပုန်းနေတာကို မြင်ပြီးသတ်သွားတာ”ဟု မတ္တရာဒေသခံတစ်ဦးက ဆိုသည်။

 

သတ်ဖြတ်ခံသည့် ဒေသခံများသည် မတ္တရာမြို့နယ်ကင်းရွာအနီး ဖြစ်ပွားနေသည့် MDY PDF၊ TNLAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူများ ဖြစ်ကြောင်း သိရသည်။

 

ထိုနည်းတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း မတ္တရာမြို့နယ် အောင်ကန်သာကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့စီးနင်းကာ ဆိုင်ရှင်အပါအဝင် အရပ်သား ၁၁ ဦး နှင့် လမ်းသွားလမ်းလာ နှစ်ဦးကိုပါ သတ်ဖြတ်ခဲ့မှု ရှိခဲ့သေးသည်။