မတ္တရာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Jan 16, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်ခတ်သည့်လက်နက်ကြီးထိမှန်မှုကြောင့် သက်ကြီးရွယ်အို အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

မတ္တရာမြို့နယ်၊ အုန်းကုန်းကျေးရွာအတွင်းသို့ တံငါ(တောင်)ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ယမန့် ဇန်နဝါရီလ ၁၅ ရက်နေ့က ၈၁ မမ လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ထိုလက်နက်ကြီးပစ်ခတ်မှုကြောင့် အုန်းကုန်းကျေးရွာရှိ နေအိမ်နှင့် ကွမ်းစိုက်ခင်းများအတွင်းရှိအရပ်သား ခြောက်ဦးထက်မနည်းထိခိုက်ခဲ့ပြီး အသက် ၆၆ နှစ်အရွယ် အဖွားအိုတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

” အုန်းကုန်းက နေအိမ်နဲ့ ကွမ်းခြံတွေထဲကျတာ။ နေအိမ်မှာထိတဲ့အလုံးက အဲဒီက လူသုံးယောက်ထိတယ်။ ကွမ်းခြံမှာလည်း သုံးယောက်ထိတယ်။ အသက် ၆၆ နှစ် အဖွားတစ်ယောက်သေတယ်။ ကျန်တဲ့ငါးယောက်ကတော့ ဆေးကုဖို့ပို့ထားပြီ” ဟု ထိုအခြေအနေများကိုသိရှိသည့်မတ္တရာဒေသခံက ပြောသည်။

 

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များကြား မကြာခဏဆိုသကဲ့သို့ တိုက်ပွဲများဖြစ်ပေါ်နေသော်လည်း လက်နက်ကြီးပစ်ခတ်စဥ်အတွင်း အုန်းကုန်းကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုဇန်နဝါရီလ အစပိုင်းတွင်သာ အဆိုပါကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CJPlatform က စုံစမ်းသိရှိရသည်။