မကွေးတွင် မော်တော်ယာဉ်များကို အစစ်အဆေးကြမ်း၊ ဖမ်းဆီးငွေညှစ်မှု ယာဉ်ထိန်းရဲများဆိုးရွားစွာပြုလုပ်နေ

Published on Jan 31, 2024

မကွေးတိုင်း မြို့တော် မကွေးတွင် ယခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက မကွေးမြို့ဝင်တိုးဂိတ်နှင့် တံတားလမ်းပိုင်းဂိတ်များတွင် ခရီးသွားလာရေးယာဉ်များကို ဖမ်းဆီးစစ်ဆေးမှုများ ယခင်ကထက် တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသခံနှင့် ယာဉ်မောင်းများထံမှ သိရသည်။

 

မြို့တွင်း၌မူ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများက မော်တော်ယာဉ်များအားလုံးကို ဖမ်းဆီးစစ်ဆေးပြီးနောက် ငွေညှစ်မှုများ ဆိုးဆိုးရွားရွားပြုလုပ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

 

မကွေးမြို့သို့ ဆေးရုံပြ၊ ဈေးဝယ်ရန်လာရောက်ကြသည့် ခရီးသွားများနှင့် မော်တော်ယာဉ်၊ ဆိုင်ကယ်၊ အိုးဝေ(ဒေသအခေါ် တုတ်တုတ်)၊ သုံးဘီးယာဉ်ငယ်မောင်းနှင်ကြသူများကို အကြောင်းမဲ့ဖမ်းစီးစစ်ဆေးမှုများလုပ်ဆောင်နေသည့်အတွက် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ သွားလာရေး အခက်အခဲကြုံတွေ့နေရကြောင်း ၎င်းတို့၏ ပြောဆိုမှုအရ သိရသည်။

 

ထိုယာဉ်ထိန်းရဲများသည် ဆိုင်ကယ်ကို အဓိကထား ဖမ်းစီး​ပြီး မရှိရှိသည့် ပြစ်ချက်ကိုရှာ၍ ဒဏ်ငွေတောင်းခံမှုများ လုပ်ဆောင်နေသည်ဟု ဖမ်းဆီးခံယာဉ်မောင်းများက ပြောကြားသည်။

 

“ (ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင်၊ ဦးထုပ်၊ ဘက်မှန်)အပြည့်အစုံပါလည်း နောက်ခြေနင်းတုန်းတစ်ဖက် မတပ်မိတာကို ဒဏ်ငွေ(ကျပ်)သုံးသောင်းဆောင်ခိုင်းတယ်။ တောင်းပန်ပြီး ညှိနှိုင်းပြောဆိုမှပဲ တစ်သောင်းတော့ပေးရမယ်လို့ပြောပြီး ဒဏ်ငွေအဖြစ် ပေးဆောင်ခဲ့ရတယ်။ တချို့ယာဉ်ထိန်းရဲတွေဆို တစ်ခုပြီးတစ်ခု ​ကြံဖန်ရစ်နေကြတာမျိုးလည်းရှိတယ်။ ခုလို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်တဲ့အခါ ဆိုင်ကယ် Toolbox လှပ်(လှန်)ပြခိုင်းတာမျိုး၊ မှတ်ပုံတင်ပြခိုင်းပြီး စစ်ဆေးတာမျိုးလည်း ရှိတယ်” ဟု ဖမ်းဆီးခံရသူ မကွေး ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများသည် ၎င်းတို့ဘာသာနာမည်တပ်ဖမ်းဆီးသည့်အမှုတစ်ခုလျှင် ဒဏ်ကြေးငွေ ကျပ် ၃၀,ဝ၀ဝ မှစတင် တောင်းယူပြီး ဒဏ်ကြေးမရပါက တစ်ရက်တာ ဖမ်းဆီးထိန်းသိမ်းခံရသည့် ယာဉ်အများအပြားရှိနေသည်ဟု ယာဉ်မောင်းများက ဆိုသည်။

 

ထိုသို့အကြောင်းမျိုးစုံပြ၍ ငွေညှစ်နေသော ယာဉ်ထိန်းရဲများကြောင့် လိုက်ပါပို့ဆောင်ပေးရသော ခရီးသည် ရှားပါးလာကြောင်း မင်းဘူး-မကွေး ခရီးသည်ပို့ဆောင်ရေး အိုးဝေယာဉ်မောင်းတစ်ဦးက ပြောသည်။

 

“ကျွန်တော်တို့ယာဉ်မောင်းတွေကျ(လိုင်စင်ဘာညာ)အကုန်စစ်တယ်။ ခရီးသည်ကိုတော့ မှတ်ပုံတင်စစ်တယ်။ ပြီးရင် တချို့ခရီးသည်တွေဆို ဘယ်ကလာတာလဲ။ ဘယ်သွားဖို့လဲအထိ အကုန်အသေးစိတ်စစ်ဆေးမေးမြန်းတာမျိုးအထိ လုပ်ဆောင်နေတယ်” ဟု ၎င်းက CJ Platform သို့ ပြောသည်။

 

မကွေးမြို့ရှိ ယာဉ်မာင်းများအနေဖြင့် ယာဉ်စည်းကမ်း ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးသော်လည်း အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများက ဖမ်းစီးစစ်ဆေး ဒဏ်ကြေးငွေတောင်းခံနေသောကြောင့် မကွေးမြို့တွင် ပြည်သူများသွားလာရေးအတွက် အခက်ကြုံနေရကြောင်း မကွေးဒေသခံများထံမှ သိရသည်။

 

မကွေးမြို့ပေါ်တွင် အခြားမြို့ကြီးများကဲ့သို့ UG များက စစ်ကောင်စီနေရာများကို တိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်မှလွဲ၍ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။