ဘူးသီးတောင်နှင့် မောင်တောတို့က ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA လိုက်လံတိုက်ခိုက်၊ ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများရရှိ

Author ကိုထားဝယ်
Categories
Published on Mar 25, 2024

ရက္ခိုင့်တပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေသော ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့က စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြသည့်အတွက် ရက္ခိုင့်တပ်တော် AA က လိုက်လံတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း AA ၏ ယမန်နေ့ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

 

မောင်တော မြောက်ပိုင်းက တမန်းသားစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲဝင်များကို လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း(၂၀)ကျော်အပြင် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အလားတူ မတ်လ ၂၀ ရက်မှစတင်၍ ဂုပ္ပီစခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လိုက်လံတိုက်ခိုက်နေရာ ဘူးသီးတောင်မြိုနယ်၊ အနောက်ပြင်(ရွာပျက်)၏ မီတာ(၃၀ဝ)ခန့်အကွာ၌ (၁၂) ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

 

AA အနေဖြင့် ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့များကို ဆက်လက်၍ လိုက်လံချေမှုန်းတိုက်ခိုက်နေသည်ဟု ဆိုသည်။

 

ထို့ပြင် ရက္ခိုင့်တပ်တော်သည် တစ်လနီးပါးကာလကြာ တိုက်ခိုက်နေသော မောင်တော မြောက်ပိုင်းက ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို ထိုးစစ်မြှင့်တင်လိုက်သည့် နှစ်ရက်အတွင်း အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်သည်ဟု ဆိုသည်။

 

အလားတူ ကြိမ်ချောင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ယင်းစခန်းအနောက်ဘက်ရှိ ရန်အောင်မြင်စခန်းကို ပြီးခဲ့သည့်မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း သိရသည်။ ထိုစခန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်း၊ စစ်အသုံးအဆောင်များနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA ထံမှ သိရသည်။

 

စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်း တပ်စခန်းအများအပြားကို လက်လွှတ်နေရသည့်အတွက် အပြစ်မဲ့ပြည်သူလူထုအပေါ်ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပေါ် AA အနေဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းထုတ်ပြန်ချက်အတွင်း ပြောဆိုသည်။

Related News

Depend on news