ဖလူးစခန်းမှ လက်နက်ကြီးကျည်များအပါအဝင် ကျည်အများအပြားသိမ်းပိုက်ရရှိထားသည်များကို KNU ထုတ်ဖော်ပြသ

Author လင်းနွေဦး
Categories
Published on Mar 16, 2024

ကရင်ပြည်၊ မြဝတီမြို့အနီး မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ဘေးရှိ စစ်ကောင်စီ၏ ဖလူးတပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ဖော်ပြသသည်။

 

မတ် ၁၁ ရက် ညနေပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက မိနစ်ပိုင်းအတွင်းသိမ်းပိုက်နိုင်ခဲ့သည့် ဖလူးတပ်စခန်းအတွင်းမှ စစ်ရေးအရအ တိုက်ခိုက်ရေးတွင်အရေးပါသော ပွိုင့် ၅ ကျည် ထောင်နှင့်ချီအပါအဝင် လက်နက်ကြီး/လက်နက်ငယ် ကျည်အများအပြားနှင့် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ယမန်နေ့ မတ်လ ၁၅ ရက်က KNU ထုတ်ပြချက်အရ သိရသည်။

 

မြဝတီမြို့တောင်ဘက် ၉ မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးတွင် အခြေစိုက်တည်ရှိသည့် ဖလူးစခန်းသည် KNU/KNLA ၏ စခန်းဟောင်းတစ်ခုဖြစ်ပြီး ၁၉၉၀ ခုနှစ်ဝန်းကျင်က စစ်ကောင်စီတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်ကို KNLA က နှစ်သုံးဆယ်ကျော်အကြာတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ပေါ်လစီဇာတ်ကားဟု အများပြည်သူခေါ်ဆိုကြသည့် “ကွမ်းလုံ ရက် ၄၀” ရုပ်ရှင်ဇာတ်ကားကြီး ပြန်လည်ရိုက်ကူးသည်အထိပင် ကျော်ကြားခဲ့သော ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံ တိုက်ပွဲကြီးကဲ့သို့ပင် ဖလူးတိုက်ပွဲ၊ မာနယ်ပလော၊ ဝေါလေ တိုက်ပွဲများသည်လည်း ထင်ရှားကျော်ကြားခဲ့ကာ စစ်ကောင်စီဘက်က ဖလူးစခန်းကို သိမ်းပိုက်နိုင်ခဲ့အပြီး ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်သည်အရာရှိများကို သီးသန့် ဆုတံဆိပ်အဖြစ် တိုက်ပွဲတံဆိပ်(ဖလူး)ဟူ၍ ချီးမြှင့်ခဲ့ဖူးသည်။

 

စစ်ကောင်စီအတွက် သမိုင်းကြောင်းစဉ်လာကြီးမားသည့် ဖလူးစခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် မိနစ်ပိုင်းသာကြာမြင့်ပြီး စခန်းရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ကြသည်ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် KNLA အထူးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 

“မြေပြင်မှာ စခန်းသိမ်းတော့ ထင်ထားထက်တောင် အများကြီးမြန်ခဲ့ပါတယ်။ ရှိတဲ့ စစ်သားတွေက အကုန်နီးပါး ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတာ။ တကယ်ကို မိနစ်ပိုင်းပါပဲ။ ကျည်လည်း အဲဒီလောက်မကုန်သလို ဒဏ်ရာ ရတဲ့သူတောင်မရှိပါဘူး ” ဟု ၎င်းက CJ Platform သို့ ပြောသည်။

 

ထိုစခန်းအတွင်းမှ KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များဘက်က ပွိုင့် ၅ ကျည် – ၄၆ ပုံး (တစ်ပုံးလျှင် ကျည် ၁၀၀ တွဲပါ)၊ 5 ပွိုင့် 56 ကျည် – ၁,၀၀၀ တောင့်၊ 7 ပွိုင့် 62 နှာတိုကျည် – ၁၄,၆၆၈ တောင့်၊ MA-7 60မမ တာဝေးစိန်ပြောင်း- ၁ လက်၊ MA-7 60မမ တာဝေးစိန်ပြောင်း အထိုင်ခုံ -၁ ခု၊ MA-7 60 မမ တာဝေးစိန်ပြောင်း Tripod – ၁ ခု၊ MG-3 Machine Gun – ၁ လက်၊ MG-3 Machine Gun ပြောင်းတို – ၁ ခု၊ M16 A1 – ၁လက်၊ M16 A1 ကျည်ဘောက် – ၁ ခု၊ MA-3 – ၁လက်၊ MA-3 – ကျည်ဘောက် – ၁ ခု၊ M-13 Carbine – ၁ လက်၊ ဆိုင်ကယ် ဘထ္ထရီ – ၆ လုံး၊ အင်ဗာတာ – ၁ လုံး၊ MM-1 Anti-personnel pull mine – ၅ လုံး၊ MM- 2 Anti-personnel pressure mine – ၅ လုံး၊ MM-5 Control mine – ၈ လုံး၊ MM-9 Control mine (အကြီး) – ၄ လုံး၊ Control mine detonators – ၁ ဗူး၊ Plastic Anti-personnel နင်းမိုင်း – ၁၁၀ လုံံး၊ Plastic Anti-personnel detonators – ၁၁၀ လုံး၊ 60 မမ စိန်ပြောင်း ဗုံးသီး – ၂၀ လုံး၊ RPG ဗုံံးသီး – ၁၁ လုံး၊ RPG ပို့ယမ်း – ၇ ခု၊ 81 မမ စိန်ပြောင်းဗုံးသီး – ၁ လုံး၊ ကျည်ကာဦးထုပ် – ၆ လုံး၊ TS-2008 Radio Controller – ၁ လုံး၊ TS-2008 Radio လက်လှည့်အားသွင်းစက် + အထိုင်ခုံ – ၁ စုံ၊ HYT အမျိုးစား လက်ကိုင်စကားပြောစက် – ၁ လုံး၊ 40 မမ ကျည် – ၆၃ လုံး၊ AK – ၁ လက်၊ ဆန်အိတ် – ၂၁၄ အိတ် နှင့် စသည့် အခြားရိက္ခာခြောက်များ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

လတ်တလော မြဝတီမြို့အနီး သင်္ဃန်းညီနောင်အနီးတဝိုက်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများဖြစ်သည့် ခမရ-၃၅၅ တပ်စခန်းနှင့် ညီနောင်ရဲစခန်းတို့ကို KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက မတ် ၇ နှင့် ၈ရက်နေ့တို့တွင် သိမ်းပိုက်ခဲ့ပြီး ခမရ-၃၅၆၊ ခမရ-၃၅၇ တပ်စခန်းများကို အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိကာ တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။