ပျူရွာမှ ထွက်ပြေးလာသည့် အမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းထိမှန်သေဆုံး

Author မယ်ဘယ်ကိုး
Categories
Published on Feb 01, 2024

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊ မြောက်ခင်ရန်းရွာ (ပျူရွာ) မှ ထွက်ပြေးလာသည့် အမျိုးသမီးတစ်ဦး ဇန်နဝါရီ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြှပ်မိုင်းထိမှန် သေဆုံးခဲ့ကြောင်း နှမ်းခါးဒေသကာကွယ်ရေး_ဆေးအဖွဲ့ ဝင် မဝင်ဝင်းမှ CJ platform သို့ ပြောသည်။

အဆိုပါနေ့ နေ့လယ် ၁၁ နာရီခန့် မှ စတင်ကာ မြောက်ခင်ရန်းရွာမှ ထွက်ပြေးလာသည့် မိသားစုဝင် သုံးဦးအနက်  မချောနု (အသက် ၃၀ ကျော်) မှာ မြေမြှပ်မိုင်းထိမှန်ခဲ့သောကြောင့်  ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်ကာ လမ်းခုလတ်တစ်နေရာတွင် သေဆုံးခဲ့ရပြီး အတူလိုက်ပါလာသည့် မိသားစုဝင်များနှင့် အခြားထွက်ပြေးတိမ်းရှောင်လာသူများကို နှမ်းခါ ရွာတောင်ဘက်သို့ ပို့ဆောင်ခဲ့ကြကြောင်း ၎င်းကဆိုသည်။

 

“ စစ်တပ်နဲ့ ဗျုစောထီးတွေရဲ့အုပ်ချုပ်မှုအောက်မှာ မနေချင်တော့လို့ ထွက်ပြေးလာတဲ့ ပြည်သူတွေပါ၊ ထွက်လာကြတဲ့ ပြည်သူတွေကို ကျွန်မတို့က လမ်းကြောင်းတွေချိတ်ဆက် ပေးတာတွေ သွားကြိုပေးတာတွေလည်း လုပ်ပါတယ် ” ဟု နှမ်းခါးဒေသ ကာကွယ်ရေး _ဆေးအဖွဲ့ ဝင် မဝင်ဝင်းမှ ပြောသည်။

 

သေဆုံးသူ အမျိုးသမီးတွင် အမျိုးသားနှင့် ၂ နှစ်အရွယ်ကလေးတစ်ဦး ကျန်ရှိခဲ့ပြီး အနီးနားရှိ တောင်ပေါ်တစ်နေရာ၌ ညအချိန်တွင် သင်္ဂြိုဟ်ခဲ့ကြကြောင်း ၎င်းမှပြောသည်။

 

ယခုမဖြစ်စဉ် မတိုင်ခင် ရှေ့တစ်ရက်တွင်လည်း စစ်ကောင်စီထောင်သည့် မြေမြှပ်မိုင်းထိမှန်မှုကြောင့် ပြည်သူတစ်ဦး ခြေထောက်ထိခိုက်ခဲ့ပြီး အချိန်မီ ဆေးကုသမှု ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း နှမ်းခါးဒေသကာကွယ်ရေး_ဆေးအဖွဲ့ဝင် မဝင်ဝင်း၏ ပြောကြားချက်မှ ထပ်မံသိရှိရသည်။

 

ယခင်နှစ်များတွင်လည်း စစ်ကောင်စီတပ်၏ မြေမြှပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည့် ပြည်သူများလည်းရှိခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခြင်းကြောင့် နှမ်းခါးကျေးရွာ နေအိမ် ၆၄ လုံးခန့် ပျက်ဆီးခဲ့ရကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့