ပဲခူးအနောက်ခြမ်းတွင် တပ်သားအဖြစ် စုဆောင်းခံရသော ပြည်သူ အယောက် ၃၀ အား PDF များ ကယ်တင်

Author မင်းထက်
Categories
Published on Jan 15, 2024

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင်  အရပ်သားပြည်သူများကို စစ်ကောင်စီတပ်က ပြည်သူ့စစ်(ပျူစောထီး)အတွက် အတင်းအဓမ္မခေါ်ယူ စုဆောင်းမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ ၃၀ ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း Black Dragon တပ်ခွဲမှူး ရိုးမနဂါးက CJ Platform သို့ ပြောသည်။

 

ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်သား ၃၀ ခန့်က ကမ်းနီရွာနှင့် ဆင်တဲကုန်းကျေးရွာတို့မှ အရပ်သားပြည်သူများအား ကမ်းနီရွာထိပ်တွင် လူစုဆောင်းနေချိန် ၄၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊  အပြန်အလှန်ထိတွေ့ တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ရာ  ခဲယမ်းလိုအပ်ချက်ကြောင့် နောက်ပြန်ဆုတ်ခဲ့ကြောင်း သိရသည်။

 

“ရွာကအုပ်ကြီးတွေက စစ်သင်တန်းတက်ဖို့​ လူပေးဖို့ ပြောတာလက်မခံလို့ စခတွေ ဝင်ပေါ်တာဆွဲတဲ့သဘောပဲ။ စခတွေ လူစုနေတယ်သတင်းကြားလို့ ကျွန်တော်တို့ရောက်သွားတော့ ပြည်သူ၅၀လောက်ကို ဖမ်းထားတာတွေ့တယ်။ ရွာထဲမှာ စခတချို့က လိုက်စုနေတာ။ သူတို့စုထားတဲ့လူကို စောင့်ကြည့်ဖို့ထားတဲ့ စခတွေကို ၄၀မမနဲ့ပစ်တာ။ သူတို့ဝရုန်းသုန်းကားဖြစ်မှ ပြည်သူတွေ ခေါ်ထုတ်ရတာ ၂၀ လောက် ကျန်ခဲ့တယ်” ဟု Black Dragon တပ်ခွဲမှူး ရိုးမနဂါးက ပြောသည်။

 

ကယ်ထုတ်လာခဲ့သော ပြည်သူ ၃၀ ကို ၄င်းတို့ သဘောဆန္ဒအလျောက် စီမံပေးမည်ဖြစ်ကြောင်း၊   ကျန်ရှိခဲ့သော ပြည်သူများ၏ အခြေအနေအား  မသိရှိရသေးကြောင်း ၊ ထို့အပြင် စစ်ကောင်စီက ပြည်သူ့စစ်သင်တန်းအတွက် ခေါ်ဆောင်နေချိန် သင်တန်းမတက်လို၍ ထွက်ပြေးသော ပြည်သူ ၂ ဦးအား ပစ်သတ်ခဲ့ကြောင်း အထက်ပါတာ၀န်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

 

စစ်ကောင်စီတပ်သားများက ကမ်းနီရွာထိပ်ကို အမျိုးသား ၊ အမျိုးသမီး  ကလေးများပါမကျန် အိမ်ရှိလူကုန်ခေါ်ယူကြောင်း ၊ ပြည်သူ့စစ်အဖြစ် အသုံးချလိုသူများကို ရွေးထုတ်ခေါ်ယူသွားရန် စီစဥ်ခဲ့ကြောင်း   ပြည်သူ့စစ်သားအဖြစ်ခေါ်ယူခံရသူ တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

ပဲခူးတိုင်း ၊  အုတ်ဖိုမြို့နယ်အတွင်းက ကျေးရွာအချို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်အဖြ စ်တပ်သားစုဆောင်းရန် ကျေးရွာများမှ စစ်ကောင်စီ အုပ်ချုပ်ရေးမှုးများအား ပျူစောထီးတပ် ဖွဲ့စည်းခိုင်းခြင်း ၊ လူအင်အား လူစုဆောင်းရန် မဲနှိုက်ခေါ်ဆောင်ခြင်း ၊ အဓမ္မစုဆောင်းခြင်းများပြုလုပ်နေခြင်းကြောင်း မြို့နယ်အတွင်းရှိ ပြည်သူများ စိုးရိမ်ကြီးစွာရှိကြရကြောင်း အုတ်ဖိုမြို့နယ် သရက်ပင်ဆိပ်ရွာ နေထိုင်သူ တစ်ဦးက CJ Platform သို့ ဆက်သွယ်ပြောဆိုသည်။

 

ဓာတ်ပုံ – Black Dragon PDF