ပဲခူးရိုးမတောင်ခြေရှိ ရွာ (၄) ရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က အဓမ္မဖယ်ရှား

Author မင်းထက်
Categories
Published on Jan 20, 2024

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမတောင်ခြေရှိ  ဒေသခံများကို စစ်ကောင်စီ လက်အောက်ခံတပ်သားများက ရွာက ထွက်သွားကြရန် မောင်းထုတ်သောကြောင့် ရွာသားများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း   တိမ်းရှောင်ပြည်သူအချို့ကို ကူညီစောင့်ရှောက်ထားသော ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

အုတ်ဖိုမြို့နယ် ဆယ်ရွာ ၊ဆင်တဲကုန်း ၊ရွှေကြာအင်း ၊နွယ်ခွေရွာများမှ ဒေသခံပြည်သူ ၃၀၀ခန့်ကု ဇန်နဝါရီ  ၁၈ ရက် နေလယ် ၁၂ နာရီ နောက်ဆုံးထား ထွက်ပေးရန် စစ်သားများ၏ ခြိမ်းခြောက်ပြောဆိုခဲ့မှုကြောင့် တိမ်းရှောင်နေကြရကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာ၀န်ရှိသူက ပြောသည်။

 

၄င်းကျေးရွာမှ ဒေသခံအချို့သည် အုတ်ဖိုမြို့နယ်အတွင်းရှိ အခြားသောဒေသမှ  ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေများထံ သွားရောက်နေထိုင်ကြကြောင်း၊ အခြားသော မြို့နယ်များသို့လည်း သွားရောက် နေထိုင်ကြကြောင်း သိရသည်။

 

စစ်ကောင်စီတပ်၏ လုပ်ရပ်များနှင့်ပတ်သက်၍ ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ၏ စစ်ရေးယူဆချက် သုံးသပ်ချက်များကို ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီတပ်က တော်လှန်ရေးသမားများနှင့် အရပ်သားပြည်သူများကို မခွဲခြားနိုင်ခြင်းကြောင့် လည်းကောင်း ၊  ရိုးမပေါ်တွင် တပ်စွဲထားသော ရဲဘော်များကို ရိက္ခာဖြတ်တောက်စေလို၍လည်းကောင်း ရည်ရွယ်ထားပုံရကြောင်း သုံးသပ်သည်။

 

“စစ်​‌ေ-ွး တွေ ဘက်ကကြည့်ရင် ဒီလိုရိုးမအစပ်က ရွာတွေကိုဖယ်ခိုင်းတာဖြစ်တာကြောင့် စစ်ရေးအတွက် ရည်ရွယ်ပြီး ဖယ်ခိုင်းခြင်းဖြစ်တယ်၊ အပြင်စည်းအနေနဲ့ ဗျုဟာလမ်းအတိုင်း အုတ်ဖိုမြို့နယ် နယ်နိမိတ်ကို သတ်မှတ်လိုက်တာလို့ ကျွန်တော် ယူဆပါတယ်” ဟု အုတ်ဖိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံမှ CJ Platform သို့ ပြောသည်။

 

ကျေးရွာဝန်းကျင်များတွင် စစ်ကောင်စီတပ်သားများက ယာယီ အထိုင်ကင်းချထားကြောင်း ၊  အင်အား တိတိကျကျ မသိရကြောင်း ၄င်းကဆိုသည်။

 

အုတ်ဖိုမြို့နယ်အတွင်း မကြာခဏဆိုသလို စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ထိတွေ့မှုများရှိနေကြောင်း ၊ ယခု နှစ်ဆန်းပိုင်းမှ စတင်ကာ အုတ်ဖိုမြို့နယ် အပါအ၀င် ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းရန် အတင်းအဓမ္မ ခေါ်ယူစုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရသည်။

 

ကျေးရွာနေပြည်သူများသည် ရုတ်တရက် ဖယ်ပေးရတာခြင်း ဖြစ်သောကြောင့် ပြည်သူများ အနေနှင့် အခက်အခဲ အများစွာရှိနေကြောင်း ၊ ၄င်းတို့   စိုက်ပျိုးထားသော ပဲစိုက်ခင်းများလည်း ဖြစ်ထွန်းနေသော်လည်း ပစ်ထားခဲ့ရကြောင်း ၊ အိမ်မွေးတိရိစ္ဆာန်  ကျွဲ ၊ နွား ၊ ကြက် ၊ ဝက်များကိုလည်း  မယူဆောင်နိုင်ခဲ့ကြကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

 

ယခုကဲ့သို့ စစ်ကောင်စီ၏ အကြမ်းဖက် ဖယ်ရှားခိုင်းမှုကြောင့် တိမ်းရှောင်နေကြရသော ဒေသခံပြည်သူများတွင် စားနပ်ရိက္ခာ နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို