ပဲခူးမြို့တွင် ဆိုင်ကယ်မောင်းနှင်သူများကို အကျယ် ၄ပေဝန်းကျင် မျဉ်းဝါအတွင်း၌သာ မောင်းနှင်းရန် ပညာပေးနေသော်လည်း လိုက်နာရန်ခက်ခဲမှုများရှိနေ

Author လင်းနွေဦး
Categories
Published on Feb 21, 2024

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၀ရက်မှ စတင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များနှင့် အညီ လမ်းမကြီးများပေါ်၌ သီးသန့်ရေးဆွဲထားသည့် လက်ယာဘက် မျဉ်းဝါအတွင်း၌သာ မောင်းနှင်ရေး ပညာပေးမှုများ ပြုလုပ်နေသော်လည်း လက်တွေ့လိုက်နာကျင့်သုံးရန် ခက်ခဲမှုများရှိနေသည်ဟု ပဲခူးမြို့ခံများထံမှ သိရသည်။

ဆိုင်ကယ် မောင်းနှင်အသုံးပြုသူများပြားသည့် ပဲခူးမြို့တွင် ယာဉ်အန္တရာယ် မဖြစ်စေရေး ရည်ရွယ်သည်ဟု ဆိုကာ လမ်းကြော လက်ယာဘက်၌ အဝါရောင်မျဉ်းများကို ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း CJ platform မှ စုံစမ်းသိရှိရသည်။

ရေးဆွဲခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုကဲ့သို့ ပညာပေးမှုများလုပ်ဆောင်သည်ကို မတွေ့ကြုံရကြောင်း၊ ယခုအခါမှသာ အမှတ်(၃)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲနှင့် အမှတ် (၁၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်များပူးပေါင်းကာ လေးပေဝန်းကျင် အကျယ်သာရှိသည့် လက်ယာဘက် မျဉ်းဝါအတွင်း၌သာ ဆိုင်ကယ်များ စုပြုံမောင်းနှင်ရေး ပညာပေးဆောင်ရွက် ခြင်းဖြစ်ကြောင်း ပဲခူးမြို့ခံများက ဆိုသည်။

 

“​​ေ-ာက်ရူးတွေဗျာ ။ ဆိုင်ကယ်မောင်းဖို့အတွက်ဆိုပြီး လိုင်းတွေဆွဲတယ်။ အဲ့လိုင်းကနေပဲ ဆိုင်ကယ်မောင်းရမယ်တဲ့။ပညာပေးတာတဲ့၊ တစ်ခုခုဆို ဖမ်းဖို့လောက်ပဲ သိတဲ့ကောင်တွေက ။ မျဉ်းဝါထဲမှာ မောင်းမရအောင် အတားအဆီးဖြစ်နေတာမှ တပုံကြီး ဒီပုံအတိုင်းဆို ပညာရပါလိမ့်မယ် အားကြီးကြီး။”ဟု အသက် ၂၃ နှစ်အရွယ် ပဲခူးမြို့ခံ အမျိုးသားတစ်ဦးမှ CJ Platform သို့ ပြောသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ဆိုင်ကယ်များမောင်းနှင်ရန် ရေးဆွဲထားသည့် လက်ယာဘက် မျဉ်းဝါတလျှောက် သုံးဘီးခေါ် တုတ်တုတ်များ၊ လိုင်းကားများအပြင် စက်ဘီးနှင့် ကားများ နေ့စဉ်နှင့်အမျှ ရပ်ထားကြောင်း မောင်းနှင်ရအဆင်မပြေကြောင်း၊ လိုင်းကားများမှာလည်း တစ်ခါ ရပ်နားပါက နာရီဝက်ခန့် ကြာမြင့်သည်အထိ ရပ်နားခြင်းကြောင့် အခက်အခဲများရှိသည်ဟုလည်း ပဲခူးမြို့ခံများမှ CJ Platform သို့ ပြောကြားသည်။

 

“ကျွန်မတို့လည်း မျဉ်းဝါထဲက တတ်နိုင်ရင် မောင်းချင်တာပေါ့။ နိုင်ငံတကာမှာလည်း Biker(စက်ဘီး) လမ်း တို့ ၊ဆိုင်ကယ် လမ်းတို့ သီးသန့်ထားပေးတယ်။ဒါပေမဲ့ မျဉ်းဝါထဲမှာ ရပ်ထားတဲ့ ကားတွေ၊အိုးဝေတွေ ၊သဲပုံတွေ ကျောက်ပုံတွေကျတော့ ဘယ်လိုစီစဉ်ပေးမှာလဲ” ဟု အသက် ၅၀ ဝန်းကျင် ပဲခူးမြို့ခံ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မေးခွန်းထုတ်သည်။

 

CJ Platform မှလည်း ပဲခူးတိုင်း ယာဉ်လုံတပ်ဖွဲ့ထံသို့ သိလိုသည်များမေးမြန်းရန် ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့သော်လည်း ဆက်သွယ်နိုင်ခြင်းမရှိခဲ့ချေ။

 

ပဲခူးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများဖြစ်သော သနပ်ပင် လမ်းမကြီး၊ အုန်းပင်တန်းလမ်း၊ မဟာမြိုင်လမ်း ၊ရွှေမောဓော ဘုရားလမ်း၊ တောင်ငူလမ်း၊ ပဲခူးတက္ကသိုလ်သွားရာ ကျိုက်ပွန်လမ်းမကြီး စသည့် လမ်းမကြီးများအပြင် မြို့တွင်းလမ်းမ အချို့ ၌ ယခုကဲ့သို့ ပညာပေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကာ လိုက်နာခြင်းမရှိပါက မည်ကဲ့သို့ ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ် မည်ကိုမူ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ပြောကြားခြင်းမရှိခဲ့ကြောင်း ပဲခူးမြို့ခံများထံမှ သိရသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

ပုံစာညွှန်း- ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ မျဉ်းဝါတွင်း သာ ဆိုင်ကယ်မောင်းနှင်ရေး ပညာပေးနေသည့် စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ