ပေါင်းတည်မြို့ရှိကျေးရွာများတွင် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်က ငွေမပေးပါက ရွာမီးရှို့မည်ဟု ခြိမ်းခြောက်ငွေညှစ်

Published on Feb 21, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ သိမ်ကုန်း၊ ကြို့ကုန်းနှင့် ညောင်နီပင် ကျေးရွာများသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ ဒေသခံများထံမှ နေအိမ်တစ်ခုလျှင် တစ်သောင်းကျပ်မှ သုံးသောင်းကျပ်ထိ တောင်းခံကာ ငွေမပေးပါက နေအိမ်များ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီ၏ ခလရ(၆၆) ၊ ကပစ (၁၉)နှင့် ပျူစောထီး(ပြည်သူ့စစ်)များ အပါအဝင် အင်အား ၉၀ ခန့်မှ စစ်ကြောင်းထိုး ဝင်ရောက်လာကာ နေအိမ်များအား မီးရှို့မည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ လူတွေ့တဲ့ အိမ်တွေကို တောင်းတာ တစ်အိမ်ကို တစ်သောင်းကနေ သုံးသောင်းထိ တောင်းတယ် မပေးရင် အိမ်တွေကိုမီးရှို့မယ်လို့ ခြိမ်းခြောက်တယ်” ဟု ၎င်းစစ်ဘေးရှောင်မှ CJ Platform သို့ပြောသည်။

 

ထို့ပြင် စစ်ကောင်စီတပ်သည် လက်ပံခုန်ရွာရှိ နွားတစ်ကောင်၊ တောင်ခမောက်ရွာရှိ ဝက်နှစ်ကောင်နှင့် နတ်ရေတွင်းရွာရှိ ဝက်သုံးကောင်နှင့် ကြက်များကိုလည်း သတ်ဖြတ်ကာ စားသောက်သွားသည့်အပြင် ဆာလာအိတ်များနှင့်ပါ ထည့်သယ်ယူပြီး အခြားတန်ဖိုးရှိ ပစ္စည်းများကိုလည်း ယူဆောင်သွားသည်ဟု စစ်ရှောင်တစ်ဦးက CJ Platform သို့ ပြောသည်။

 

“ဝက်လည်းသတ်စားတယ်၊ နွားဆိုလည်း အသားမစားဘူး ဝမ်းတွင်းသားတွေစားတာ ကြက်လည်းအကုန်ကုန်ပြီ ဝက်သားက စားချင်ရင်တောင် မရှိတော့ဘူး အကုန်ယူတာ” ဟု ၎င်းစစ်ရှောင်မှ ပြောသည်။

 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပေါင်းတည်မြို့နယ်ရှိ လဲပင်၊ တောင်ခမောက်၊ လက်ပံခုန်၊ စမ်းမအိုင်၊ ကိုင်းကွင်း၊မအူကွင်း၊ နတ်ရေတွင်း စသည့် ကျေးရွာများတွင် ဇန်နဝါရီလဆန်းပိုင်းကတည်းက အိမ်ခြေနှင့်တဲ စုစုပေါင်း(၃၀၀) နီးပါး မီးရှို့ခံခဲ့ရပြီး မိသားစုသုံးရာ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူဦးရေ နှစ်ထောင်ခန့် အနီးအနားရှိ တောတောင်များထဲတွင် တိမ်းရှောင်နေကြရသည်။