ပုသိမ် မော်တင်စွန်းကမ်းခြေအနီး ငါးပိုက်အတွင်း ဖမ်းမိသည့် လင်းပိုင်အုပ်ကို ပြန်လွှတ်

Author အေတီ
Categories
Published on Mar 13, 2024

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မော်တင်စွန်းစေတီအနီး မတ် ၁၂ ရက် မွန်းလွဲပိုင်းက ကမ်းဆွဲငါးဖမ်းပိုက်အတွင်း ဖမ်းမိသည့် လင်းပိုင် ၁၅ ကောင်ကို ဘေးကင်းရာသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာ သမီးလှကျွန်းလိပ်ထိန်းသိမ်းရေးစခန်းမှ ဦးစီးမှူးထံမှ သိရသည်။

ငါးနီတူဖမ်းသည့် ရေးလုပ်သားတစ်ဦး၏ ကမ်းဆွဲငါးဖမ်းပိုက်အတွင်း မတော်တဆဖမ်းမိသည့် လင်းပိုင်များနှင့် မော်တင်စွန်းဘုရားကိုလာရောက်ကြသည့် ဘုရားဖူးများက အမှတ်တရ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနေကြပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

 

ငါးဖမ်းရေလုပ်သားအနေဖြင့် လင်းပိုင်များ ပိုက်ဖြင့်ပါလာသည်ကို ကမ်းခြေရောက်မှ သိရသည်ဟု အဆိုပါရေလုပ်သားက ငါးလုပ်ငန်းဦးစီးဌာနသို့ ရှင်းပြထားကြောင်း သိရသည်။

 

“ရေလုပ်သားတွေအနေနဲ့ အခုလင်းပိုင်တွေကို အန္တရာယ်ကင်းတဲ့ ရေနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ သမီးလှကျွန်း ပတ်ဝန်းကျင်ဒေသခံရေလုပ်သားတွေက မျိုးတုန်းတော့မယ့် ရေသတ္တဝါတွေကို စောင့်ရှောက်ရမှန်းသိနေကြပါပြီ။ လိပ်ဥ၊ လိပ်သားစားသုံးတာတောင် လျော့နည်းနေပါပြီ” ဟု ငါးလုပ်ငန်းဦးစီးဌာ သမီးလှကျွန်းလိပ်ထိန်းသိမ်းရေးစခန်းမှ ဦးစီးမှူး ဦးဖုန်းမော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားပြောဆိုထားသည်။

ယခုကဲ့သို့ လင်းပိုင်များ ကမ်းတင်သည့်ဖြစ်စဉ်များ မော်တင်စွန်းကမ်းခြေတဝိုက် မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနကလည်း ကမ်းခြေများကို စောင့်ကြည့်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းထံမှ သိရသည်။