ပခုက္ကူလေဆိပ်ရှေ့က တော်လှန်ရဲဘော်များပါဝင်သည့် ဓာတ်ပုံမှာ လွန်ခဲ့သည့်ခြောက်လက ရိုက်ထားသည့်ပုံဟုဆို

Author မင်းထက်
Categories
Published on Jan 20, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ရေစကြိုမြို့သို့ ထွက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးတပ်က ပခုက္ကူလေဆိပ်ရှေ့တွင် ရိုက်ထားသည့်ဓာတ်ပုံနှင့်အတူတကွ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

 

ထိုပုံနှင့်ပတ်သက်၍ လူမှုကွန်ရက်အသုံးပြုသူတို့ကြား မှတ်ချက်အမျိုးမျိုးပေးခဲ့ကြသည်ကိုတွေ့မြင်ခဲ့ရသည်။

 

ထို့ကြောင့် ယင်းဓာတ်ပုံနှင့်ပတ်သက်၍ ဓာတ်ပုံရိုက်ခဲ့သည့် Young Force UG အဖွဲ့ထံ CJ Platform သတင်းဌာနက မေးမြန်းခဲ့သည်ကို ” ပုံက ခြောက်လနီးပါးကြာပါပြီ။ ပုံသပ်သပ်ကြီး ရိုက်တာတော့မဟုတ်ပါဘူး။ Mission သွားရင်းလာရင်းရိုက်တာပါ” ဟု Young Force UG မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယခင်က ယင်းနေရာသို့ စစ်ကောင်စီစစ်ကြောင်းများ ကင်းပတ်ခြင်း၊ စစ်ဆေးခြင်းများရှိသော်လည်း ဒေသကာကွယ်ရေးတပ်များ စိုးမိုးထားနိုင်သည့်အခြေအနေရောက်လာသည့်အခါ စစ်ကောင်စီတပ်များ လာရောက်မှုနည်းပါးသွားကြောင်း ၎င်းက ဆိုသည်။

 

” လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဒီလိုရိုက်ခဲ့နိုင်ခဲ့ရင် ခုချိန်ဆို မြို့ကို ဝင်ဖို့ပဲကျန်တော့တယ်ဆိုတာ ပြည်သူကို ပြချင်တာပါ ” ဟု အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ပခုက္ကူမြို့မှ ရေစကြိမြို့ဘက်သို့ ထွက်လာသော စစ်တပ် ရိက္ခာတင်ယာဉ်အပါအ၀င် လုံခြုံရေး ၁၄ စီးခန့်ပါဝင်သည့်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကား နှစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် နောက်မှလိုက်လာသည့်ကားများ အနီးရှိ ပခုက္ကူစက်မှုဇုန်ဂိတ်သို့ ပြန်လှည့်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရ စစ်သားများကို   လူမှုကူညီရေးကားများဖြင့် လာရောက် ခေါ်ဆောင်သွားသည့်အတွက် ထိခိုက်မှုရှိသည်ကိုအတည်ပြုနိုင်သော်လည်း သေဆုံးမှု ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

ထိုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ(၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့တင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Young Force UG