နေပြည်တော်စစ်ရုံးအတွင်းရှိ ဒုကာချုပ် စိုးဝင်းအခန်းအား မင်းအောင်လှိုင်မှ နေရာပြောင်းခိုင်း

Author စကားဝါ
Categories
Published on Jan 20, 2024

နေပြည်တော် စစ်ရုံးအတွင်းရှိ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ရုံးခန်းအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဇန်နဝါရီလ ၁၈ရက်နေ့က နေရာပြောင်းရွေ့ခိုင်းခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

 

စစ်ရုံးအတွင်းတွင် ယခင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ရုံးခန်းမှာ ကပ်လျပ်ထားရှိသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်၍ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား အာဏာလွှဲရန် ဘာသာရေးအစွန်းရောက် ပုဂ္ဂိုလ်အချို့မှ တောင်းဆိုမှုများ အပြီးတွင် နေရာပြောင်းရွေ့ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“အရင်က မင်းအောင်လှိုင်အခန်းနဲ့ စိုးဝင်းအခန်းက ကပ်လျပ်၊ အခု စိုးဝင်းအခန်းကို နေရာပြောင်းပြီးတော့ ညိုစောကို သူ့တို့ အခန်းကြားမှာ နေရာယူခိုင်းတယ်၊ စိုးဝင်းကို မင်းအောင်လှိုင်က တိုက်ရိုက်တွေ့ခွင့် မပေးတော့ဘူး ညိုစောကနေတဆင့်မှ တွေ့ခိုင်းတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

 

ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးယုံကြည်ရသည့် အကြံပေးတစ်ဦးဖြစ်ပြီး  ၂၀၂၃ခုနှစ် စက်တင်ဘာ ၂၅ရက်တွင် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခန့်ရသူဖြစ်သည်။ သူသည် စစ်တပ်ပိုင် အင်းဝဘဏ် ဥက္ကဌ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဌအဖြစ်လည်း တာဝန်ယူထားရသူဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်ထောက်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

ဘာသာရေးအစွန်းရောက်တစ်ဦးဖြစ်သူ ပေါက်ကိုယ်တော်နှင့် အဖွဲ့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရာထူးမှ ဆင်းပေးကာ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား အာဏာလွှဲပြောင်းပေးရန် တောင်းဆိုမှုများ အပြီးတွင် ယခုကဲ့သို့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ရုံးခန်းနေရာအား ပြောင်းရွေ့ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။