နမ့်ခမ်းရှိ ဘိန်းစိုက်ခင်း ဧက ၁၁၀၀ ကျော် တအောင်းတပ်ဖွဲ့ ဖျက်ဆီး(သတင်းတို)

Author ကိုထားဝယ်/ကေဇက်
Categories
Published on Mar 13, 2024

ဘိန်းအပါအဝင် မူးယစ်ဆေးဖြင့်နာမည်ကျော်သော ရှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြိုနယ်အတွင်းရှိ ဘိန်းစိုက်ခင်း ဧက ၁၁၀၀ ကျော်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ကဖျက်ဆီးခဲ့ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

 

ကျေးရွာ ၁၅ ရွာရှိ ဘိန်းစိုက်ခင်း ၁၁၂၅ ဧကကို PSLF/TNLA အနေဖြင့် မတ်လ ၄ ရက်မှ ၁၂ ရက်နေ့အထိ ၉ ရက်ကြာ အချိန်ယူဖျက်ဆီးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

ထိုကျေးရွာများမှာ တာကွမ့်ကျေးရွာ (၂၈၄) ဧက၊ ရှောက်ကုန်းကန် (၁၆၄) ဧက၊ မန်ပန်း(ထက်၊အောက်) (၁၅၇) ဧက၊ ကန်ဖာဖို (၁၅) ဧက၊ အထက်ဆတန်း (၃၂) ဧက၊ အောက်ဆတန်း (၂၇) ဧက၊ ပန်ဆေး (၁၅၉) ဧက၊  ဆန်ချယ် (၅၇) ဧက၊ မန်မောင်း (၁၁၇) ဧက၊ မန့်မိုင် (၁၄) ဧက၊ လျောက်ပန်းကုန်း (၁၉) ဧက၊ ပုံစာတီ (၁၀) ဧက၊ ၁၂ မိုင် (၃၅) ဧက၊ ပါင်ဝို (၁၀) ဧကနှင့် မည်ခမ်း (၂၅) ဧကတို့ဖြစ်ကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဒေသများသည် ယခင်က စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် နေရာဒေသဖြစ်သည်ဟု PSLF/TNLA က ဆိုသည်။

 

ထိုဒေသရှိ ဘိန်းစိုက်ခင်းများကို PSLF/TNLA တပ်ဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့တို့တွင် သွားရောက်ဖျက်စီးခဲ့ရာတွင် ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

 

PSLF/TNLA တပ်ဖွဲသည် နမ့်ခမ်းမြိုကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယခုနှစ် မတ်လတွင် ဘိန်းစိုက်ခင်း ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ကျန်ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း PSLF/TNLA က ဆိုသည်။

Related News

Depend on news