ဒီပဲယင်းမှာ ဗုဒ္ဓယဉ်ကျေးမှုကျောင်းကို ရဟတ်ယာဥ်နှင့် ပစ်ခတ်မှုကြောင့် ကလေးငယ်၄ဦးအပါအဝင် အရပ်သား၉ဦးဆုံးပါး
စစ်ကိုင်းတိုင်း ဒီပဲယင်း အရှေ့ခြမ်းလက်ယက်ကုန်းကျေးရွာရှိ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်စီးနင်းခဲ့တာကြောင့် အဆိုပါကျောင်းတွင် စာသင်ကြားနေသည့် ကလေးငယ် ၄ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ စက်တင်ဘာ ၁၆ရက်နေ့တွင် စစ်ကောင်စီက အဆိုပါကျောင်းကို စီးနင်းတိုက်ခိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကပစ်ခတ်သည့် ကျည်ထိမှန်ခဲ့ခြင်းကြောင့် စာသင်နေသည့် ကလေးငယ် ၄ ဦး သေဆုံးကာ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၅ ဦးကိုလည်း အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရသည်။
အဆိုပါ စီးနင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသွားသည့် စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၂ ဦးအပါဝင် ဒဏ်ရာရ ကျောင်းသား ကလေးငယ် ၂၀ ဝန်းကျင်ကိုလဲ ရေဦးမြို့ကို ဖမ်းဆီးခေါ်ဆောင်သွားသေးတယ်လို့လဲ ထုတ်ပြန်ချက်မှာ ပါရှိသည်။
ဒါ့အပြင် ထိုကျေးရွာအတွင်းမှ နေအိမ်တစ်လုံးကိုလဲ မီးရှို့ဖျက်ဆီးထားခဲ့ကာ ပြည်သူ ၄ ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။
စစ်ကောင်စီတပ်များက ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ဒေသခံထောင်နဲ့ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။