တော်လှန်ရေးကာလတွင် ထောက်ပို့ကဏ္ဍသည် အရေးပါသဖြင့် စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်ရမည်ဟု ပြည်ထောင်စု၀န်ကြီးချုပ်ပြောကြား

Author မွန်လေး
Categories
Published on Oct 20, 2022

တော်လှန်ရေးကာလတွင် ထောက်ပို့ကဏ္ဍသည် အရေးပါသဖြင့် စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောကြားသည်။

ယနေ့တွင် ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည် သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး၌ ပြည်ထောင်စု၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွဲ့စည်းထားသည့် ကော်မတီများထဲမှ ဖွဲ့စည်းပုံကြီးမားသည့် ကော်မတီတစ်ရပ်ဖြစ်ကြောင်း၊ လုပ်ငန်းများ များပြားပြီး၊ ချမှတ်ထားသည့် မူဝါဒများနှင့် လုပ် ဆောင်နိုင်မှုများတွင် တော်လှန်ရေးကာလဖြစ်သဖြင့် အခက်အခဲများရှိကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

“တော်လှန်ရေးကာလမှာ ထောက်ပို့ကဏ္ဍ များစွာ အရေးကြီးတဲ့အတွက် စားနပ်ရိက္ခာဖူလုံရေးအတွက် ဆောင်ရွက်ရမည် ဖြစ်ပါတယ်။ မိမိတို့ တော်လှန်ရေး အခက်အခဲများကြားမှ အောင်မြင်မှု အတိုင်းအတာ တစ်ခုအထိ ရောက်ရှိလာပါပြီ၊ ဆက်လက်ပြီး ညီညွတ်စွာနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်း ကပြောကြားသည်။

ထို့ပြင် ကာကွယ်ရေးနှင့် ပြည်ထဲရေး၀န်ကြီးဌာနသည် ကော်မတီတွင် အရေးကြီးသည့် ၀န်ကြီးဌာနများဖြစ်သဖြင့် ပိုမိုအားစိုက်ဆောင်ရွက်စေလိုပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ တရားရေး၀န်ကြီးဌာနတို့မှ ပေါင်းစပ်ဆောင်ရွက်မှုများသိရှိလိုပြီး၊ မြေပြင်တာ၀န်ရှိသူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက်နိုင်ရေး စစ်တမ်းများကောက်ယူပြီး မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး တိုင်ပင်နေသည်ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။