တိုင်းရင်းဆေးဝါး ဆေးခါးကြီးကို ဓာတ်ခွဲစမ်းသပ်ပြီး COVID-19 ကာကွယ်ကုသနိုင်မည့် ဆေးထုတ်လုပ်မည်ဟု မင်းအောင်လှိုင်ပြော

Author လင်းခိုင်
Categories
Published on Dec 09, 2022

တိုင်းရင်းဆေးဝါး ဆေးခါးကြီးကို ဓာတ်ခွဲစမ်းသပ်ပြီး COVID-19 ကာကွယ်ကုသနိုင်မည့် ဆေးထုတ်လုပ်မည်ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာ ၈ ရက်တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်က COVID-19 ကပ်ရောဂါကို ကာကွယ်ကုသနိုင်မည့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် အလားတူရာသီ တုပ်ကွေးရောဂါများပါ အသုံးပြုနိုင်မည့် မာဝေနိဒါန်ဆေးကျမ်းလာ ဆေးခါးကြီးပါ၀င်သည့် ဝိသမအဖျားပျောက်ဆေးကို အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ လူနာများ အန္တရာယ်ကင်းရှင်းပြီး ဘေးကင်းလုံးခြုံမှုရှိစေရန် လတ်တလော အဆိပ်အာနိသင်နှင့် ရေတို အဆိပ် အာနိသင် ရှိမရှိ တို့ကို သိရှိနိုင်ရန် စမ်းသပ်ခြင်းများဆောင်ရွက်မည်ဟု ပြောကြားသည်။

ထို့ပြင် ပါ၀င်လိုသည့် ကျန်းမာသည့်် လူများအပေါ် စမ်းသပ်ခြင်း၊ COVID-19 ရောဂါ အတည်ပြု သာမန်လက္ခဏာရှိသည့် လူနာများအပေါ် စမ်းသပ်ခြင်း၊ သုတေသန အဆင့်ဆင့်တို့ကို ပြုလုပ်ပြီး ဆေးဝါးထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မင်းအောင်လှိုင်က ပြောကြားသည်။

တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် COVID-19 ကပ်ရောဂါ ဗီဇမျိုးကွဲ အမျိုးမျိုးပြောင်းလဲပြီး ကူးစက်မှုနှုန်း မြန်ဆန်ရုံသာမက အချိန်တိုအတွင်း ကင်းစင်ပပျောက်နိုင်မည့် ရောဂါမျိုးမဟုတ်ဘဲ ဆက်လက်တည်ရှိနေသောကြောင့် နိုင်ငံတကာမှ သူတို့၏ တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသနိုင်ရန် ဆောင်ရွက်နေသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသနိုင်မည့် တိုင်းရင်းဆေးဝါး ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ရိုရာ အမွေအနှစ်ဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အရိုးပေါ်အရွက် မဖုံးစေဘဲ အမျိုးသားယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

မင်းအောင်လှိုင်သည် တိုင်းပြည်အာဏာကို မတရားသိမ်းပူပြီးနောက် မီးပုံမှန်မပေးနိုင်ဘဲ လျှပ်စစ်ကားများ အသုံးပြုရန် ညွှန်ကြားခြင်း၊ တောင်သူလယ်သမားများကို ယင်း ယတြာချေရန် နေကြာပန်းများ အတင်းအကျပ်စိုက်ပျိုးခိုင်းခြင်း၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်ဟု လိမ်ညာပြောဆိုခြင်းများ ပြုလုပ်လျက်ရှိသည်။