တပေါင်းလပြည့်နေ့ ဇလွန်ပြည်တော်ပြန်ဘုရားပွဲ ယခင်ကာလများကဲ့သို့ စည်ကားခြင်းမရှိ

Author လဂွန်းအိမ်
Categories
Published on Mar 24, 2024

ဇလွန်ပြည်တော်ပြန်ဘုရားကြီး တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အား လာရောက်ဖူးမျှော်သည့် ဘုရားဖူးပြည်သူများမှာ ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေလျက်ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

 

နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း ၉ ရက်နေ့မှ စတင်ကာ ၉ ရက်တာ ကျင်းပခြင်းဖြစ်ပြီး ကျင်းပခြင်းဖြစ်ပြီး တပေါင်းလဆန်း ၁၃ ရက်၊ ၁၄ ရက်နေ့နှင့် လပြည့်နေများတွင် ပိုမိုစည်ကားကြောင်း စသိရှိရသည်။

” ဘုရားကြီးရဲ့ အထင်ကရပွဲတော်တစ်ခုပါ အခုနောက်ပိုင်းတော့ သိပ်မစည်ဘူးလို့ပဲ ပြောရမယ် အရင်ကာလတွေတုန်းက ဒီ့ထက်မက စည်တာပေါ့” ဟု ဘုရားကြီးအနီး ဈေးရောင်းချသူတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

ယခုနှစ်ပွဲတော်တွင် ဘုရားဝင်းအတွင်း၌ ဖျော်ဖြေရေးဆိုင်းဝိုင်းပါရှိပြီး ဘုရားအနောက်ဖက် ကွင်းတွင် ဇတ်ပွဲတစ်ခု၊ ဆပ်ကပ် တစ်ခုသာ ရုံသွင်းပြသနိုင်ကြောင်း သိရသည်။

 

၂၀၂၁ အာဏာမသိမ်းခင်ကာလများတွင် ဇတ်ပွဲ သုံးလေးခုမက ရုံသွင်းပြသကာ တိုးမပေါက်နိုင်အောင် စည်ကားခဲ့ကြောင်း သိရပြီး ကိုဗစ်ကာ နှင့် အာဏာသိမ်းစကာလတွင် ကျင်းပခြင်းမပြုခဲ့သော်လည်း ၂၀၂၂ မှစ၍ ပြန်လည်ကျင်းပခဲ့သည်။

 

ယခု ကျင်းပသည့်ဘုရားပွဲတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် တစ်ဦး နှစ်ဦးမျှသာ တွေ့ရှိရကာ စစ်ကောင်စီမှ ပုံမှန်လုံခြုံရေးအင်အားအဆင့်ကိုပါ အသုံးပြုနိုင်ခြင်း မရှိဘဲ ဘုရားလုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကိုသာ တွေ့ရှိရသည်ဟု CJ Platform ၏ သတင်းအရင်းအမြစ်မှ ဆိုသည်။