တစ်ရက်တည်း ခမရ ၅၅၂ ကို တိုက်ခိုက်သိမ်းပိုက်ပြီး တမန်းသားစခန်းက တပ်သား ၁၀၀ AA ထံ လက်နက်ချ

Author ကိုထားဝယ်
Categories
Published on Mar 27, 2024

ရခိုင်ပြည်တစ်ဝှမ်း ထိုးစစ်ဆင်တိုက်ခိုက်နေသော ရက္ခိုင့်တပ်တော် AA အနေဖြင့် မတ်လ ၂၅ ရက် တစ်ရက်အတွင်း ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ ကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အပြင် မောင်တောမြို့ တမန်းသား ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်လက်နက်ချအညံ့ခံခဲ့ကြောင်း AA ၏ ယမန်နေ့ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က စတင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်မြို့အတွင်းရှိ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)လက်အောက်ခံ ခမရ ၅၅၂ ကို တစ်လကျော်အကြာ မတ်လ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခန့်က စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု AA က ဆိုသည်။

စကခ ၁၅ လက်အောက်တွင် ခြေလျင်တပ်ရင်း သုံးခုနှင့် ခြေမြန်တပ်ရင်း ရှစ်ခု၊ အ‌မြှောက်တပ်ရင်းတစ်ခုတို့ရှိပြီး ထိုအထဲ ခမရ-၅၅၂ ခြေမြန်တပ်ရင်းကို AA က ပြီးခဲ့သည့်အပတ်အတွင်းမှစတင်၍ ထိုးစစ်မြှင့်တင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ထိုတိုက်ပွဲအတွင်းမှ လက်နက်ခဲယမ်း၊ စစ်ကောင်စီတပ်သားအလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသူအချို့ကို လက်ရဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူများကို လိုက်လံဖမ်းဆီးနေကြောင်း ရက္ခိုင့်တပ်တော် AA က ဆိုသည်။

 

ထို့ပြင် AA အနေဖြင့် စစ်ကောင်စီ တပ်စခန်းများကို ဖြတ်တောက်ပိတ်ဆို့ထားသည်မှာ လပေါင်းများစွာကြာပြီးနောက် မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀ဝ) ခန့် လက်နက်ချအညံ့ခံခဲ့ကြရာ စစ်အသုံးအဆောင်နှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့အတူ ရက္ခိုင့်တပ်တော်က တစ်လနီးပါး ဝိုင်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီးနောက် အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီးဖြစ်သော မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေး ထိုးစစ်မြှင့်တိုက်ခိုက်နေသည်ဟု ဆိုသည်။

 

ရခိုင်ပြည်အတွင်း နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ခဲ့သည့် စစ်ကောင်စီကင်းစင်ရေးတိုက်ပွဲများသည် လေးလကျော်ကာလအတွင်း မြို့ ၇ ခုနှင့် စစ်စခန်းပေါင်းများစွာအပြင် လက်နက်ချအညံ့ခံသူ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ထောင်နှင့်ချီရှိနေပြီဖြစ်သည်။

Related News

Depend on news