စဥ့်ကိုင်မြို့မရဲစခန်းကို PDF များက ပစ်ခတ်တိုက်ခိုက်ရာ ရဲ နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့ရှိ မြို့မရဲစခန်းကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ရဲ နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း SINTKAING REVOLUTION FORCE- SRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက CJ Platform သို့ ပြောသည်။
ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်က စဥ့်ကိုင်မြို့နယ်၌ ပြည်သူများ အပေါ် ဖမ်းဆီး ငွေညှစ်ရမ်းကားနေသည်ဟုဆိုသော စဥ့်ကိုင်မြို့မရဲစခန်း အနီးတဝိုက်ထိ သွားရောက်ကာ တော်လှန်ရေး ရဲဘော်များက မိနစ် ၂၀ ခန့် ၀ိုင်း၀န်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
” အခုရက်ပိုင်း သူတို့လုပ်ရပ်တွေက ပိုဆိုးလာပါတယ်ရှင့် နေ့စဉ်ရက်ဆက်လို ဖြစ်နေတာပါ။ ပြည်သူတွေကြား သေနတ်တကားကားနဲ့ လှည့်ပတ်သွားတာမျိုး၊ အပြစ်မဲ့ပြည်သူတွေကို အပြစ်ရှာ ခေါင်းစဉ်တပ် ဖမ်းဆီးငွေညှစ်တာမျိုးတွေ လုပ်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ဖမ်းတာမျိုး ၊ဆိုင်ကယ်တွေမှာ ဆိုက်တွဲမတွဲရဘူးဆိုပြီး ဖမ်းတာမျိုးကတော့ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိပေါ့၊ တခြားခေါင်းစဥ်တပ် ဖမ်းတာတွေကတော့ သူတို့တောင်းသလောက်ပေါ့” ဟု SINTKAING REVOLUTION FORCE SRF မှ ရဲမေ Te Fiti ကပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမြို့မရဲစခန်းမှ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် စခန်းဝန်းကျင်မှ အိမ်အချို့ ကျည်ပေါက်ရာများနှင့် ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း ၊ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ လမ်းသွားလမ်းလာပြည်သူများကို အဓမ္မဖမ်းဆီးညှင်းဆဲခြင်းများ ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို SINTKAING REVOLUTION FORCE -SRF ၊ စဥ့်ကိုင်မြို့နယ် ပကဖ နှင့် Kyaukse Revolution Army-KRA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ စဥ့်ကိုင်မြို့နယ်အတွင်း စစ်ရေး အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်သောကြောင့် ပြည်သူများ အားလုံးအနေဖြင့် စစ်သား၊ ရဲများနှင့် နီးစပ်ရာ နေရာများကို အသွားအလာ မလုပ်ကြရန် SRF အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – SINTKAING REVOLUTION FORCE -SRF