စစ်မှုထမ်းတပ်သားသစ်စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားလေးဦး KNLA ထံ အလင်းဝင်

Author CJ Platform
Categories
Published on Jul 19, 2025

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်သားလေးဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခလယ်လွီထူခရိုင်က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် (ညောင်လေးပင်) လယ်ဒို (ကျောက်ကြီး) မြို့မှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ဆီ အခု ဇူလိုင် ၈ ရက်မှာ စစ်ကောင်စီတပ်သား လေးဦး အလင်းဝင်ရောက်လာကြတာလည်း ဖြစ်ပါတယ်။

 

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားလေးဦးဟာ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်စုဆောင်းခံထားရသူတွေဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး စစ်ကောင်စီ စစ်မှုထမ်း အပတ်စဉ် ၅ က ၂ ဦးနဲ့ အပတ်စဉ် ၈ က နှစ်ဦးတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

KNLA တပ်ရင်း ၉ ထံ အလင်းလာသူတွေဟာ ညောင်လေးပင်အခြေစိုက် စစ်ကောင်စီ အမှတ် ၂၀ ခြေမြန်တပ်ရင်းနဲ့ ကော့သောင်းမြို့အခြေစိုက် အမှတ် ၅၈၁ ခြေမြန်တပ်ရင်းတို့က ဖြစ်ပြီး သူတို့နဲ့အတူ MA-11 (၂) လက်၊ MA-1 (၁) လက်၊ MA-2 (၁) လက်၊ ကျည်ဘောက် (၅) ခုနဲ့ ခဲယမ်းအချို့ ယူဆောင်လာတာကြောင့် တစ်ဦးစီကို ငွေကျပ် ၁၀ သိန်းစီ ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

 

စစ်မှုထမ်းဥပဒေကြောင့် အဓမ္မ တပ်သားသစ်စုဆောင်းခံရသူတွေနဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုသူတွေအနေနဲ့ လက်နက်ချ အလင်းဝင်ရောက်လာလို့ပါက KNU/KNLA ထိန်းချုပ်နယ်မြေ နီးစပ်ရာ တော်လှန်ရေးတပ်စခန်းတွေမှာ အလင်းဝင်ရောက်နိုင်ပြီး အမြဲလက်ခံကြိုဆိုနေတယ်လို့လည်း KNU က ဖော်ပြထားပါတယ်။

 

ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းပစ်ခတ်မှုနဲ့ အဓမ္မဖမ်းဆီးမှုတွေ ရှိနေပြီး အခုနှစ် ပထမခြောက်လအတွင်း စစ်ကောင်စီအကြမ်းဖက်မှုကြောင့် ဒေသခံပြည်သူ ၄၉ ဦး သေဆုံးခဲ့သလို ၁၈၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – KNU-Kler Lwee Htu District