စစ်တွေလေဆိပ် ဗုံးကြဲခံရသည့် သတင်းများ ထွက်ပေါ်ပြီးနောက် MyTel မှ အပ ကျန်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ဟုဆို

Author လင်းနွေဦး
Categories
Published on Jan 16, 2024

ရခိုင်ပြည်၊ စစ်တွေလေဆိပ်တွင် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက  ဗုံးကြဲချခံခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် စစ်တွေမြို့ပေါ်တွင် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ကြောင်း မြို့ခံ တစ်ဦးမှ CJ Platform သို့ ပြောသည်။

 

ဒီဇင်ဘာ ၁၅ ရက် ည၈ ခွဲ ခန့်တွင် တော်လှန်ရေးအင်အားစုများဘက်မှ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ရာ ရခိုင်ဒေသအနှံအပြားသို့ လေကြောင်းပစ်ကူပေးရန် လာရောက်သည့် စစ်ကောင်စီ လေတပ်ပိုင် ဂျက်လေယာဉ်များ ရပ်နားစဉ်အတွင်း ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းမြို့ခံက ဆိုသည်။

 

“ညတုန်းက ကျွန်တော်တို့ဘက်က မကြားရဘူး အဲ့ဘက်က သူငယ်ချင်းတွေ ပြောတာတော့ အကျယ်ကြီးကြားရတယ် ပြောတယ် ဒီလေဆိပ်မှာ စစ်တပ်ဘက်က လေယာဉ်တွေ လာရပ်တာမျိုးရှိတော့ အဲ့ဒါကို ပစ်မှတ်ထားတယ် တူပါတယ်”ဟု အသက် ၃၀ ဝန်းကျင် စစ်တွေမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

 

ထိုသို့ လေဆိပ်တိုက်ခိုက်ခံရသည့် သတင်းများ ထွက်ပါ်ပြီး မကြာမီပင် စစ်တွေမြို့ပေါ်၌ စစ်ကောင်စီပိုင် MyTel ဖုန်းနှင့် အင်တာနက်လိုင်းများမှ အပ ဖိုက်ဘာ အင်တာနက် Wifi လိုင်းများ အပါအဝင် ကျန်အော်ပရေတာများ၏ အင်တာနက်လိုင်းများပါ ပြတ်တောက်ခဲ့ရာ ယနေ့ ညနေ ၃ နာရီခန့်တွင်မှ လိုင်းများ ပြန်လည်အသုံးပြုနိုင်သည်ဟု CJ Platform မှ စုံစမ်း သိရှိရသည်။

 

“ အကိုတို့ မြို့မှာ ပြတ်သွားတာ အဲ့တိုက်ခိုက်ခံရတဲ့ သတင်းကြားပြီး မကြာဘူး လိုင်းတွေ ပြတ်ကုန်ရော မနက်နိုးတော့လည်း ဖုန်းကော အင်တာနက်ကော WiFi လိုင်းတွေ မရတော့ဘူး  MyTel တစ်ခုပဲရတယ် စောနကမှ WiFi ပြန်တက်လာတာ သူတို့လုပ်ချင်သလို လုပ်နေတော့တာပဲ”ဟု အသက် ၂၉ နှစ်အရွယ် စစ်တွေဒေသခံ အမျိုးသားတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်ခန့်မှ စတင်ကာ တစ်ပတ်ကျော်ကြာသည်အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျောက်တော် ၊ပေါက်တော ၊မင်းပြားစသည့် မြို့နယ်များတွင်လည်း MyTel ဖုန်းနှင့်အင်တာနက်လိုင်းများမှအပ ကျန်အော်ပရေတာများနှင့် WiFi များ ပြတ်တောက်ခဲ့ပြီး ယခုထက်တိုင် အင်တာနက် ကောင်းမွန်စွာ သုံးစွဲ၍ မရသေးကြောင်း ယင်းမြောက်ပိုင်းဒေသခံများနှင့် အဆက်အသွယ်ပြုလုပ်၍ မရသည့် မြို့ခံများ ပြောပြချက်အရ သိရသည်။

 

လက်ရှိ ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ အင်တာနက်ပြတ်တောက်မှုများအပြင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများပြင်းထန်နေ၍ အဓိကလမ်းမကြီးများ ပိတ်ဆို့ခံထားရမှုကြောင့် စက်သုံးဆီ ပြတ်လတ်ကာ ဈေးအဆမတန် ကြီးမြင့်ခြင်း၊ အခြေခံစားသောက်ကုန် များရှားပါလာရုံမက ကုန်ဈေးနှုန်း မြင့်တက်မှုများ အပြင် အခြားသော နေထိုင်စားသောက်ရေးဆိုင်ရာ အခက်အခဲများစွာအား ဒေသတွင်းပြည်သူများ ရင်ဆိုင်ရလျက်ရှိသည်။

 

ပုံစာညွှန်း – စစ်တွေမြို့လေဆိပ်အား မိုခါမုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် မြင်တွေ့ရစဉ် (ပုံအဟောင်း)