စစ်ကော်မရှင်ရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးပြီ

Author CJ Platform
Categories
Published on Aug 07, 2025

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဒီကနေ့  ဩဂုတ်လ ၈ ရက်၊ နံနက် ၈ နာရီ ၂၈ မှာ သေဆုံးပြီဖြစ်ကြောင်း  စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကိုယ်တိုင်က ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေကို  သတင်းထုတ်ပြန်ခဲ့ပြီး ၁ ရက်အကြာမှာ သေဆုံးခဲ့တာပါ။

စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ဆင်းဖြစ်သူ ဦးမြင့်ဆွေဟာ စစ်ဘက်တာဝန်တွေကို ရန်ကုန်မြို့မှာသာအများဆုံ ကုန်ဆုံးခဲ့သူအဖြစ် လူသိများပါတယ်။ ယခင်အာဏာရှင်ဟောင်းဦးသန်းရွှေ၊ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှစ်ဦးလုံးရဲ့ ယုံကြည်မှုကို ရရှိခဲ့သူအဖြစ် သုံးသပ်ခံရပြီး ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်မှာ စစ်တပ်ရဲ့ ဒုတိယသမ္မတ ဖြစ်လာခဲ့ပါတယ်။

 

သူ့ရဲ့ အရေးအပါဆုံး နိုင်ငံရေးအခန်းကဏ္ဍက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်က သမ္မတ ဦးဝင်းမြင့်ကို ဖယ်ရှားပြီးတဲ့နောက်၊ ဒုသမ္မတဖြစ်သူ သူက ယာယီသမ္မတအဖြစ် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာသုံးရပ်ကို စစ်ခေါင်းဆောင်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

 

အာဏာသိမ်းပြီးချိန်ကစလို့ ဦးမြင့်ဆွေရဲ့ အဓိကတာဝန်ဟာ ခြောက်လတစ်ကြိမ် ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလ သက်တမ်းတိုးပေးဖို့သာ ဖြစ်ခဲ့တာကြောင့် သူ့ကို “ရုပ်သေးသမ္မတ” လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးနှုန်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူဟာ ၂၀၂၃ ကတည်းက Parkinson’s ရောဂါကြောင့် ကျန်းမာရေးအကြီးအကျယ်ယိုယွင်းလာပြီး၊ ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လမှာပဲ သူ့ရဲ့တာဝန်အားလုံးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးခဲ့ရကာ လူမြင်ကွင်းကနေ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။

 

အခု သူ သေဆုံးသွားတဲ့အခါမှာတော့ စစ်ကော်မရှင်ရဲ့ အကြီးမားဆုံးပြဿနာ ပေါ်လာပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတအသစ်တစ်ဦးကို ပြည်ထောင်စုလွှတ်တော်ကသာ ရွေးချယ်တင်မြှောက်ခွင့်ရှိပါတယ်။ လက်ရှိမှာ လွှတ်တော်မရှိတဲ့အတွက် သမ္မတအသစ်ကို ဘယ်လိုရွေးမလဲ။

 

သေချာတာတစ်ခုကတော့၊ ဦးမြင့်ဆွေရဲ့ ဇာတ်သိမ်းဟာ ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်ပြီး တရားဝင်မှုရဖို့ ကြိုးစားနေတဲ့ စစ်ကော်မရှင်ရဲ့ အစီအစဉ်တွေကို လှုပ်ခတ်လိုက်ပြီး၊ သူတို့ရဲ့ “ဥပဒေဘောင်အတွင်းက အုပ်ချုပ်ရေး” ဆိုတဲ့ အခင်းအကျင်းတစ်ခုလုံးကို ပြိုလဲသွားစေနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

 

Related News

Depend on news