စစ်ကောင်စီ လူပြန်ရွေးဈေး ကျပ်သိန်းဆယ်ချီမြင့်တက်လာသည့် ရန်ကုန်

Author ကိုထက်
Categories
Published on Jan 09, 2024

စစ်ကောင်စီတပ်သားများ၏ ငွေရှာလမ်းမှာ ရန်ကုန်တွင် အလွန်ကို များပြားလှသည်။ ယင်းတို့အထဲမှ အဓိက ငွေဝင်ပေါက်မှာ လူဖမ်းပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းခြင်းဖြစ်သည်။ ယင်းမှာ စစ်ကောင်စီ၏ ပြန်ပေးဆွဲခြင်းပင်။

 

ယခုတော့ ပြန်ပေးဆွဲငွေတို့ ခေတ်နှင့်အညီဟုဆိုရမလို နှုန်းထားမြင့်တက်လာခဲ့ပြီဖြစ်သည်။

 

ယခင်က ၎င်းတို့ဖမ်းဆီးသွားသည့် လူတစ်ဦး ကျပ်တစ်သိန်း၊ နှစ်သိန်းဖြင့် ပြန်ရွေးထုတ်ခွင့်ရသော်လည်း အခုတော့မရတော့ပေ။

 

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က ၎င်းတို့ဖမ်းဆီးသူများကို အနည်းဆုံးကျပ်သိန်းဆယ်နှင့်ချီဖြင့် ပြန်ထုတ်ခိုင်းကြောင်း ကြုံတွေ့ခဲ့ရတဲ့သူများက ဆိုသည်။ အနည်းဆုံး ကျပ် ၁၀ သိန်းမှ ၇၀ သိန်းအထိ တောင်းပြီး ညှိနှိုင်းရကြောင်း ၎င်းတို့က ပြောကြားချက်အရ သိရသည်။

 

“နှစ်လုံးထီကိစ္စတွေ ဖုန်းထဲတွေ့သွားလို့ ဖမ်းခေါ်သွားတာ။ သိန်း ၇၀ တောင်းတယ်။ သိန်း ၅၀ နဲ့ပဲညှိပြီး ပြန်ထွက်လာခဲ့ရတယ်” ဟု ဖမ်းဆီးခံရသူ နှစ်လုံးထီဒိုင်တစ်ဦးက ပြောသည်။

 

နှစ်လုံးထီရောင်းသူအများစုသည် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများကို ပေါင်းသင်းပေးကျွေးထားရစမြဲဖြစ်သည်။ ၎င်းသည် ထိုသို့ လုပ်ဆောင်ထားသော်လည်း ဖမ်းစီးခံရချိန်မှာတော့ ပေးကျွေးထားသည့်ရဲနှင့် စစ်သားတို့ မကူမကယ်ခဲ့ပေ။

 

“သိတဲ့တပ်ဖွဲ့ဝင်‌တွေတော့ ရှိတယ်။ သူတို့ကိုအကူအညီတောင်းတော့လည်း ဖမ်းတဲ့အဖွဲ့နဲ့ သူတို့အဖွဲ့က မတူဘူးပြောကြတယ်” ဟု နှစ်လုံးထီဒိုင်က ဆက်ပြောသည်။

 

ထို့ပြင် ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း ညဘက်များတွင် လူငယ်များကိုဖမ်းဆီးပြီး ပိုက်ဆံဖြင့် ပြန်လာထုတ်ခိုင်းမှုများရှိခဲ့သည်။

 

ယခုရက်ပိုင်းများတွင်လည်း ရန်ကုန်ရှိ လှိုင်သာယာ၊ ရွှေပြည်သာမြို့တို့ရှိ လူငယ်များအနေများသည့် အဆောင်များကို ရှောင်တခင်ဧည့်စာရင်းစစ်ပြီး ၎င်းတို့မသင်္ကာသူများကို ဖမ်းဆီးမှုများလည်းရှိခဲ့သည်ဟု သိရသည်။

 

“ကျွန်တော်တို့အဆောင်က နှစ်ယောက်လောက် ဖုန်းစစ်တာ။ ဆန္ဒပြတဲ့ပုံတွေ တွေ့သွားတော့ ခေါ်သွားတယ်။ ဟိုရောက်တော့ အိမ်က တာဝန်ခံပေးမယ့်သူတွေကို တစ်ယောက်ကို ဆယ်သိန်းတောင်းတယ်။ မပေးနိုင်ရင် အမှုဖွင့်မယ်ပေါ့။ အဲဒါနဲ့ပဲ တစ်ယောက် ဆယ်သိန်းလောက်နဲ့ ပြန်ခေါ်ခဲ့ရတယ်” ဟု ဖမ်းစီးခံရသူများနှင့် အဆောင်တစ်ခုတည်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ထိုသို့ဖြင့် စစ်ကောင်စီတပ်သားများသည် ၎င်းတို့၏ ငွေရပေါက်ရလမ်းများကို အမျိုးမျိုးချဲ့ထွင်နေကြသည်။

 

စစ်ကောင်စီတပ်သားများသည် လက်နက်တော်လှန်ရေးအားကောင်းသည့်နေရာဒေသများတွင် အထိနာနေသဖြင့် ၎င်းတို့နယ်မြေစိုးမိုးမှုရှိသည့် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများရှိ ပြည်သူလူထုကို ပိုမိုဖိနှိပ်လာနေကြသည်။